တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀)သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပ

နေပြည်တော်  ၁၇  ဒီဇင်ဘာ 

တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀)သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

 

mm112

 

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်း အုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

 

mm111

 

အခမ်းအနားအစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

 

mm113

 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ဟိန်းမင်း ခန့်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ဇင်ကိုကိုအောင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းရဲကျော်ဖြိုးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

mm114

 

mm115

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် တပ်မတော်(ကြည်း၊ရေ၊လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်ဆေးတက္ကသိုလ်က တပ်မတော်အရာရှိဆရာဝန်များ လေ့ကျင့်မွေးထုတ် ပေးလျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ကျောင်း ဆင်းအရာရှိဆရာဝန် ၄၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဆေးပညာမဟာ သိပ္ပံဘွဲ့ ၂၁၃၆ ဦး၊ ပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာဘွဲ့လွန်ဒီပလိုမာ ၁၈၉ ဦးနှင့် ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၀၇ ဦးတို့ကိုလည်း ထပ်မံလေ့ကျင့် မွေးထုတ်ပေး နိုင်ခဲ့သည့်အတွက် တာဝန်ကျရာ ဒေသအသီးသီးတွင် တပ်မတော်နှင့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက် နေကြသည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်တွေ့မြင် ရမည်ဖြစ်ကြောင်း။

တပ်မတော် ဆေးတက္ကသိုလ်အနေဖြင့် ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့ အစည်း (World Federation for Medical Education)၏ အသိအမှတ်ပြု လက်မှတ် ရရှိခဲ့ပြီးဖြစ်သည့်အပြင် မြန်မာနိုင်ငံဆေးကောင်စီအသိအမှတ်ပြုကော်မတီ (Myanmar Medical Council Accreditation Committee-MMCAC) ၏ မူများနှင့်အညီ လိုက်ပါ ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးမြင့်ဆေးပညာသင်ကြားရေး (Quality Medical Education)ဖြစ်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း။ 

တပ်မတော်သည် အဓိကလုပ်ငန်းတာဝန်ကြီး ၃ ခုဖြစ်သည့် နိုင်ငံတော်ကာကွယ် ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းတာဝန်များထဲမှ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်စေရေး အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို  တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် တစ်နိုင်ငံလုံးအနှံ့ လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များ၏ တိုင်းရင်းသား ပြည်သူလူထုအပေါ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းသည် ပြည်သူ့အကျိုး ပြုလုပ်ငန်းတာဝန်ထမ်းဆောင်နေခြင်းဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်ခန္ဓာများ ကာကွယ်ကုသစောင့်ရှောက် ပေးနေခြင်းဖြစ်သောကြောင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း။

 

mm116

 

ထို့ပြင် ဝေးလံခေါင်ပါးသည့် နယ်မြေဒေသအချို့တွင် ကျန်းမာရေးဝန်ထမ်းနည်း ပါးပြီး မဖြစ်မနေရှိရမည့် ဆရာဝန်များမရှိသည့်အတွက် ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တာဝန်ထမ်းဆောင်နိုင်ရန် ဆန္ဒပြုခဲ့ကြသည့် တပ်မတော် သားဆရာဝန် ၄၄ ဦးသည် ဒုတိယအကြိမ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ရှိသော ဆေးရုံများတွင်သွား ရောက်တာဝန် ထမ်းဆောင်လျက်ရှိနေကြကြောင်း၊ ထို့ပြင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားဆရာဝန်များသည် တာဝန်ကျရာဒေသ အသီးသီးတွင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများသာမက ဒေသခံတိုင်းရင်းသားများ၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူနေမှုဘဝမြှင့်တင်ရေး လုပ်ငန်းများကိုပါ လက်တွေ့ကျကျဆောင်ရွက်ပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ မြင်တွေ့ရမည်ဖြစ်ကြောင်း။

 

mm117

 

ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ပညာသင်ကြားနိုင်မည်၊ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည့်အတွက် တပ်မတော်သား ဆရာဝန်များအနေဖြင့် တပ်မတော် သားများနှင့် မိသားစုဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုသာမက မိမိတာဝန်ကျရာ ဒေသများတွင် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ဝင်ရောက်ကူညီဆောင်ရွက်ပေးကြရန် အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားသည်။

 

mm118

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်း မဆောင်၌ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၀) မှ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညနေပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

(သတင်းစဉ်)