တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ၁၈  ဒီဇင်ဘာ

 

နိုင်ငံတော်ကာကွယ်ရေးနှင့် ဘက်စုံလုံခြုံရေးတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်စေရန် တပ်မတော်ကို စွမ်းဆောင်ရည်ရှိသည့် ခေတ်မီတပ်မတော် (Standard Army)အဖြစ် တည်ဆောက်နေသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားကို ကာကွယ်ဖော်ဆောင် မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပြည်သူကို အလုပ်အကျွေး ပြုရာတွင် “ကျန်းမာ၊ ကြံ့ခိုင်၊ တိုက်နိုင်ရန်”၊ “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် တပ်ဖွဲ့၏ ဆောင်ပုဒ်များနှင့်အညီ လက်တွေ့ကျင့်ကြံ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေးသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက်အလေးပြုကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇)မှ အောင်စစ်သည်ဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်း ပြည့်ဖြိုးအောင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ပိုင်စိုးဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် တပ်မတော်ဆေးတက္ကသိုလ် အနေဖြင့် ယနေ့အထိ ကျောင်းဆင်းအရာရှိ ဆရာဝန် (၄၅၃၅) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းအနက်မှ ပြည်တွင်း၊ ပြည်ပမဟာဘွဲ့၊ ပါရဂူဘွဲ့ရ (၁၆၀ဝ) ကျော် ပေါ်ထွန်းလာခဲ့ပြီဖြစ်သည့်အတွက် တပ်မတော်နှင့် နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အင်နှင့်အားဖြင့် ပါဝင်ထမ်းရွက်နေကြသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် ဆေးဘက်ဆိုင်ရာပညာရပ်များနှင့် စစ်ပညာရပ်များကို မှန်ကန်စွာအသုံးချ၍ တာဝန်ကျရာတပ်၊ ဒေသအသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များကိုသာမက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်ပါးသော ဒေသများ၌ နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုများ၏ ကျန်းမာရေးကာကွယ် စောင့်ရှောက်မှု၊ ကျန်းမာရေး အသိပေးဖြန့်ဝေမှု တာဝန်များကို ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူကုသပေးရမည့် ရောဂါအမျိုးမျိုး ပျောက်ကင်းအောင် ကုသပေးနိုင်ရန် အမြဲကြိုးစားလေ့လာရင်း ပြောင်းလဲတိုးတက်နေသည့် ဆေးဘက် ဆိုင်ရာ ပညာရပ်များနှင့်အတူ ကြိုတင်ကာကွယ်မှု၊ ကုသမှုများနှင့် ရင်ဆိုင်တိုက်ပွဲဝင် နေကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်ကို ကာကွယ်ရမည့် စစ်သည်များသည် ကျန်းမာကြံ့ခိုင်ရန်လိုအပ်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသည့် လူသားအရင်းအမြစ်များ အများအပြား လိုအပ်ခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းမှတစ်ဆင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ထိရောက်သောအထောက်အကူ ဖြစ်စေရန် စေတနာထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်” ဆိုသည့်အတိုင်း တပ်မတော်သားတိုင်း ကိုယ်စီကျန်းမာရေး အသိနှင့် မှန်ကန်စွာ နေထိုင်စားသောက်နိုင်ရေး ပညာပေးခြင်း၊ ရောဂါများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သမိုင်းစဉ် တစ်လျှောက်လုံး နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်အလုပ်ကျွေးပြုလာသည့် တပ်မတော်အနေဖြင့် ယင်းဒေသခံ ပြည်သူများကို လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်ကုသမှုနှင့် ဆေးကာကွယ် ပေးရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ် တတ်အားသရွေ့ ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဩဂုတ်လအထိ နိုင်ငံတစ်နံတစ်လျားက ဒေသခံပြည်သူ(၂၇၀၅၀ဝ)ဦးကို တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များဖြင့် ကုသပေးခဲ့ပြီး တပ်မတော်ဆေးရုံများသို့ (၃၅၀ဝ) ကျော်ကို တက်ရောက်ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း။

 

ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ခေတ်နှင့်အညီ နည်းပညာမြင့်မားသည့်ပစ္စည်း ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်အောင်၊ တိုးတက်သည့်ကုထုံးသစ်များ၊ ဆေးဝါးများနှင့် ကုသပေးနိုင်အောင် မျက်ခြည်မပြတ် လေ့လာသင်ယူသွား ကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ခေတ်စနစ်များပြောင်းလဲလာသည်နှင့်အမျှ ဆေးပညာနှင့်စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရပ်များပေါင်းစပ်ပြီး အဏုမြူ၊ ဓာတု၊ ဇီဝ လက်နက်များထုတ်လုပ်လာကြရာ ယင်းလက်နက်မျိုးနှင့် တိုက်ခိုက်မှုများ၏ အကျိုး သက်ရောက်မှုအန္တရာယ်ကိုသိရှိပြီး ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကုသရမည့် နည်းလမ်းများကို လေ့လာပြင်ဆင် သုတေသနလုပ်ထားကြရမည် ဖြစ်ကြောင်း။

 

တပ်မတော်အရာရှိများ ဖြစ်ကြသည့်အတွက် တိုက်တွန်းချက်၊ တားမြစ်ချက်များ ဖြစ်သော တပ်မတော် စည်းမျဉ်းစည်းကမ်းများ၊ တပ်မတော်အက်ဥပဒေများ၊ နယ်ဘက် ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများကို သိရှိကြရမည်ဖြစ်သလို အလေးထား လိုက်နာကြရန်လည်းလိုအပ်ကြောင်း၊ ၎င်းအပြင် ဆရာဝန်များဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်များ၊ ဆရာဝန်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ ကတိသစ္စာများကို သေချာစွာမှတ်သားလိုက်နာပြီး ပြုမူကျင့်ကြံ နေထိုင်ခြင်းဖြင့် ကုသမှုများသည်လည်း အစွမ်းထက်၍ ထိရောက်လာမှာဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအကျဆုံးမှာ တည်ငြိမ်အေးချမ်း ရေးပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုအချိန်တွင် အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးကို တည်ဆောက်နေခြင်းပင်ဖြစ်ကြောင်း။

 

တပ်မတော်အနေဖြင့် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန် နှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်အပါအဝင် အရေးကြုံလာပါက တပ်မတော်သားတစ်ဦး မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး ပြည်သူနှင့် တိုင်းပြည်က အားကိုးအားထားရသည့် တပ်မတော်တစ်ရပ်ဖြစ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ် ခံရသည့် ဒေသများတွင် တပ်မတော်က ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဆေးကာကွယ်ပေးရေး လုပ်ငန်းများကို စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာလျှောက်လှမ်းပြီး သစ္စာရှိရှိ တာဝန်ကျေပွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ရှေ့ဆက် လျှောက်လှမ်းရမည့် လမ်းကြောင်းခိုင်မာရန်အတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးသည့်အတွက် တပ်မတော်က အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယနေ့သင်တန်းဆင်း အရာရှိများ အနေဖြင့် တာဝန်ကျေပွန်ပြီးရိုးသားကြိုးစား သည့် တပ်မတော်အရာရှိကောင်းတစ်ဦး၊ ထူးချွန်ထက်မြက်သည့် ဆေးသိပ္ပံပညာရှင် ကောင်းတစ်ဦးအဖြစ် တပ်မတော်ဆေးတက္ကသိုလ်၏ဂုဏ်ကို ဆောင်နိုင်သော “သမားဇာနည် အောင်စစ်သည်” များဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။

 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့သည်။

 

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ် ပင်မစာသင်ဆောင်ရှိ ဧည့်ခန်းမဆောင်၌ တပ်မတော် ဆေးတက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၇)မှ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းနှစ်ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုစကားပြောကြားသည်။

 

ထို့နောက် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအစည်းအဝေးခန်းမတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ပါမောက္ခချုပ် ဗိုလ်မှူးကြီး ကိုကိုလွင်မှ ဆေးပညာသင်ကြားမှုဆိုင်ရာများ၊ သင်ကြားရေးကာလသတ်မှတ်မှု၊ ပြည်တွင်းပြည်ပလက်ခံ အသိအမှတ်ပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောင်းလဲသင့်သည့် သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲသင်ကြား၍ ဆေးတက္ကသိုလ်မှပေးအပ်သည့်ဘွဲ့များကို ပြည်တွင်းပြည်ပမှ အဆင့်မီစွာ အသိအမှတ်ပြုရေး လိုအပ်သည်များကို စီမံဆောင်ရွက်ရန် မှာကြားသည်။

 

(မြဝတီ)

 

mdn

 

mdn