တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

နေပြည်တော် ၁ ဇန်နဝါရီ

 

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူလူထုအပေါင်းကို ၂ဝ၁၆ ခုနှစ် နှစ်သစ်ကူး အခါသမယမှာ ''ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ကြပါစေ'' လို့ တပ်မတော်တစ်ရပ်လုံးကိုယ်စား ဆုမွန်ကောင်း တောင်း နှုတ်ခွန်းဆက်သပါတယ်။

 

တပ်မတော်အနေနဲ့ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထားပြီး နိုင်ငံတော်အစိုးရနဲ့ လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။

 

၂ဝ၁၆ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရမယ့် ထူးခြားတဲ့ နှစ် တစ်နှစ် ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန် ဝတ္တရားများနဲ့အညီ တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဖြစ်ပေါ်လာမယ့် အစိုးရ၊ ပြည်သူ လူထုတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေး တာဝန်တွေကို အစဉ်အလာနဲ့အညီ ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ။

 

၂ဝ၁၆ ခုနှစ်မှာ နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့ အတွက် တပ်မတော်အနေနဲ့ တိုင်းရင်း သား ပြည်သူတို့နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မယ်ဆိုတာ အလေးအနက်ထား ပြောကြားလိုပါတယ်။

 

နိုင်ငံသူ၊ နိုင်ငံသားအားလုံး နှစ်သစ်မှာ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ထပ်မံဆုမွန်ကောင်း တောင်းပါတယ် ခင်ဗျား။