တပ်ပိုင်မြေဧရိယာ မဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေမှုအား ပြန်လည်စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၂ သြဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်းက တပ်ပိုင်မြေဧရိယာ မဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေမှုအား ပြန်လည် စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မြေဧရိယာ ၄၇.၉၅ ဧကတွင် အမှတ်(၃၇၇)အမြောက်တပ်ရင်းအဖြစ် စတင်သိမ်းဆည်းရန် လျာထားသည့်မြေ ၃၄၈.၇၇ ဧကအတွင်း ပါဝင်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲပါစာအမှတ်(၃၀ဝ/၂၅/ဦး-၁)ဖြင့် အမှန်တကယ် အသုံးပြု၍ သိမ်းဆည်းရေးဆောင်ရွက်ရာ၌ ၎င်းမြေဧရိယာ၏ ၄၇.၉၅ ဧကအား ချန်လှပ်၍ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေလွတ်မြေဧရိယာ ၃၀ဝ.၈၄ ဧကကို သိမ်းဆည်းရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါမြေ ၄၇.၉၅ ဧကတွင် တပ်ပိုင်မြေ နှင့်နယ်နိမိတ်ထိစပ်လျက်ရှိသော်လည်း တပ်ပိုင်မြေအတွင်း ပါဝင်ခြင်းမရှိကြောင်းကို ဒေသခံ တောင်သူလယ်သမားများကို ၃.၄.၂၀၁၉ ရက်နေ့တွင် မိမိတို့ ကွင်းဆင်းစစ်ဆေး ပြီး ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း ဒေသခံ တောင်သူလယ်သမားများကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်မြေများ ဖြစ်သည့် အတွက်ကြောင့် တပ်ရင်းမှ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။


ယနေ့နံနက်တွင် ဆက်သွယ်ပြီးမေးမြန်းကြည့်ရာ မူလအရင်ကလည်း တပ်မှလယ်မြေ အဖြစ် လုပ်ခဲ့ပြီး ယခုနှစ်တွင်လည်း တပ်မှထွန်ထားသည်ဟု ဖြေသဖြင့် အောက်ခြေနှင့် ကွာနေပြီး ဆီလျော်မှုမရှိသည့် အခြေအနေမျိုးများ တွေ့ရသည့်အတွက် ပြန်လည်စိစစ်ပြီး ဒေသခံများ၊ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ညှိနှိုင်းပြီး ပြန်လည်ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ မိမိတို့နှင့် မဆိုင်သည့် မြေဧကနှင့် ပတ်သက်ပြီး ပါဝင်ခြင်း မရှိကြောင်းကို ၃-၄-၂၀၁၉ ရက်နေ့ နံနက်(၉)နာရီ အချိန်မှ ၁၁ နာရီခွဲထိ ပိန်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်လယ် / ဆည်စာရင်းအင်း ဦးစီးဌာနမှူး၊ အမှတ်(၃၇၇) အမြောက်တပ်ရင်းမှ တာဝန်ခံ တပ်/ထောက် ဗိုလ်ကြီးနှင့် ဒေသခံ တောင်သူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် တပ်ပိုင်မြေဧရိယာ ၃၀ဝ၀.၈၄ ဧက အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးမြေ၊ ဥယျာဉ်မြေ ၄၇.၉၅ ဧက ပါဝင်ခြင်း မရှိကြောင်း တောင်သူများကိုယ်တိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းကို ရှင်းလင်းပြောကြားပြီး ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နယ်မြေတွင် အမှန်တကယ်ဖြစ်တာမှန်ပါက သက်ဆိုင်ရာ မြေစာရင်း ဦးစီး၊ ထွေ/အုပ်၏ တာဝန်သာဖြစ်ပါကြောင်း၊ မိမိတို့တပ်ပိုင်းဆိုင်ရာအနေဖြင့် လုပ်ကိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


MDN
Credit-ပြည်သူ့လွှတ်တော်