တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Albenz 200 Tablets သံချဆေး (၁၄၅၅) ဘူး အပါအဝင် ကုန်ပစ္စည်း (၄၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆,၀၄၁,၁၅၀) ကိုလည်းကောင်း၊ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော Seven Colour ပိုးထည် (၃၆၅၅) လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၃,၇၂၀,၆၁၀) ကိုလည်းကောင်း၊ ကုမ္ပဏီမှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် New Pride Non- Dairy Whipping Cream (၂၇၅၀၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၇၉,၉၆၁)ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Shampoo ခေါင်းလျှော်ရည် ဘူး (၂၃၀) အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၆၅,၁၀၉) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၃,၅၀၆,၈၃၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn


ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၆ ရက်တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ အခြားသစ် (၃ ဒသမ ၀၆၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄,၂၇၀) နှင့် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ အခြားသစ် (၂ ဒသမ ၉၄၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅,၈၅၆) တို့ကို သစ်တော ဥပဒေအရလည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်မြို့၊ အမှတ် (၆) ရပ်ကွက်၊ ဘိုဘဌေးလမ်းဆုံ၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၄၂၀,၁၂၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn


ထို့အပြင် ဖေဖော်ဝါရီ ၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကာမိုင်းမြို့၊ လက်ဝါးလမ်းဆုံအနီး၌ မသင်္ကာဖွယ် ရပ်တန့်ထားသည့် မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမိုနီယမ်နိုက်ထရိတ် (၄၈၉၆၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၉၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck တစ်စီးနှင့် Chen Long Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၅၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၄၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၂,၃၈၆,၉၅၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်