တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာ လမ်းခွဲအနီး၌ ဟိုပင်မြို့မှ မိုးကောင်းမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၃၆၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ယမ်းဖောင် Truck သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

mdn

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ မတ် ၁၃ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်းရှိ အကောက်ခွန်ဂိုဒေါင်၌ နှစ်ကာလကြာမြင့်ပြီး ထုတ်ယူခြင်း မရှိသည့် Ray Smart Infrared Cooker (၃၁၂) လုံး အပါအဝင် ကုန်ပစ္စည်း (၂၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၈၇၃,၄၅၀)ကိုလည်းကောင်း၊ မတ် ၁၄ ရက် တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ခြောက်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Hydraulic Oil (၄၅၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၉၀၀,၀၀၀) နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ထမင်းပေါင်းအိုး အလုံး (၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁,၇၇၃,၄၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၃ ရက်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာပြီး ဘုရင့်နောင်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ရေယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသော တန်ချိန်အရေအတွက် ထက် ပိုမိုသယ်ဆောင်လာသည့် Test Liner (၄၀၀၀၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၄၀၂,၇၄၀) နှင့် အဆိုပါ ပစ္စည်းများ သယ်ဆောင်လာသည့် MV. MCL-18 ရေယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ မတ် ၁၅ ရက်တွင် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၂၈၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၈,၁၀၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Succeed မော်တော်ယာဉ်တစ်စီးနှင့် Toyota Voxy မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၀၀၀,၀၀၀) တို့ကို သစ်တောဥပဒေအရ လည်းကောင်း၊ မတ် ၁၆ ရက်တွင် ရွာသာကြီး Dry Port ၌ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈) လီတာပါ ဘူး(၃၀၀) အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၄၉၆,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Dutro Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၅၅,၇၄၆,၈၄၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့ပြင် မတ် ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဘားအံမြို့ သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) ၌ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် NA Sound Amplifier ငါးလုံး၊ ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး (၁၂၀)၊ ကားတာယာ (အဟောင်းဆိုဒ်စုံ) အလုံး (၂၀) အပါအဝင် ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၈၃၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၈၃၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

mdn

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက်တွင် တောင်ငူခရိုင် အတွင်း၌ တရားမဝင်သစ်မာ (၆ ဒသမ ၃၉၅) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၉၇,၇၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ မတ် ၁၆ ရက်တွင် ကြို့ပင်ကောက် မြို့နယ် စက်တိုင်ကုန်းရပ်ကွက် ရန်ကုန် - ပြည် ကားလမ်းမအနီး၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၁၉၇,၇၀၀) ကို ဖမ်းဆီးအ‌ရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၈၀,၅၄၇,၉၉၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်