တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ မရမ်ကထောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

နမ္မတီး  ၃၀    ဇူလိုင် 


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-တနိုင်း ကားလမ်းမရှိ မရမ်ကထောင် စစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၂၉ ရက် ညနေပိုင်းက ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှ သိရသည်။


 ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲက နမ္မတီးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ်ဝေဖြိုးအောင်နှင့် ပူးပေါင်းစစ်ဆေးရေးဂိတ်တာဝန်ကျ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများသည် ယာဉ်အဝင်/အထွက်များ စိစစ် ဆောင်ရွက်နေစဉ် ဖားကန့်ဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှစ်စီးအား ရှာဖွေစစ်ဆေးရာ နေပြည်တော်  ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာနေ သန့်ဇင်(၃၂ နှစ်) စီးနင်းလာသည့် မော်တော်ဆိုင်ကယ်မှ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ ၂၈ တုံးမှ အလေးချိန် ၅၀ ပိဿာခန့်အား လည်းကောင်း၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်နေ အငယ်လေး(၂၈ နှစ်) စီးနင်းလာသည့်ဆိုင်ကယ်မှ ကျောက်စိမ်းအရိုင်းတုံး ၂ တုံး အလေးချိန် ၇၂ ပိဿာခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်။


 ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်သူ သန့်ဇင်နှင့် အငယ်လေးတို့ နှစ်ဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)