တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၉
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၉ ဒသမ ၅၈၃)တန်၊ သစ်မာ(၂ ဒသမ ၃၉၆)တန်နှင့် အခြားသစ် (၀ ဒသမ ၁၂၈)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၅၃၂,၈၉၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဧပြီ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် လိမ္မော်သီး (၁၆၀၉) ခြင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၉၀,၀၀၀) နှင့် လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း၊ ရွှေဘိုမြို့နယ်၌ တရားမဝင်အခြားသစ် (၁ ဒသမ ၁၀၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅,၆၃၈) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၂၅၅,၆၃၈) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၇၈၈,၅၃၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်