တရားထိုင်စဉ် နောက်ကျောနဲ့ ခါးနာခြင်းကို  သက်သာစေမယ့်  နည်းလမ်းများ

၁  အောက်တိုဘာ

လူအများစုက တရားထိုင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ကောင်းတဲ့ အလုပ်ဆိုတာကို သိနားလည်ထားကြတယ်။ ဒါပေမယ့် လူတိုင်းတော့ တရားမထိုင်နိုင်ကြဘူး။

 

တရားထိုင် မယ်ဟေ့လို့ တွေးပြီး အားရပါးရ ထိုင်လိုက်ပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက်နေတော့ ကျောကနာသလိုလို၊ ခါးက တောင့်သလိုလို၊ တင်ပဆုံရိုးကညောင်းသလိုလိုနဲ့ နေမထိ ထိုင်မသာ ဖြစ်လာတတ်ကြတယ် မဟုတ်လား။

 

ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် အလေ့အကျင့်မရှိတာက တစ်ကြောင်း၊ တစ်သက်လုံး လုပ်ငန်းခွင်နဲ့ နေအိမ်အတွင်းမှာ အညောင်းမိနေတဲ့ လူနေမှုပုံစံနဲ့ နေထိုင်ခဲ့တာက တစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး ကျန်းမာရေးမလိုက်စားခဲ့တာတွေက တစ်ကြောင်း အကြာင်းပြချက် အမျိုးမျိုးကြောင့်ပါပဲ။

 

ခုဆို ဝါတွင်းကာလမို့ ဥပုသ်သီလ ဆောက်တည်မယ့် သူတွေရှိကြမှာပါ။ နေ့စဉ် ပုံမှန်တရားထိုင်နေကြ လူမဟုတ်ရင် ရုတ်တရက်တရားထိုင်တာက ခန္ဓာကိုယ် အညောင်းမိတာ၊ နာကျင်ကိုက်ခဲတာတွေ ကြုံဆုံရဖို့ သေချာသလောက်ပါပဲ။ ကြာကြာထိုင်နိုင်ဖို့လည်း ခက်ခဲမှာပါ။ အဓိကဖြစ်တာကတော့ ခါးနာတာပါပဲ။

 

ခါးတွေ ကျောတွေ မနာအောင် ဘယ်လို တရားထိုင်ကြမလဲဆိုတာကို တရားထိုင်ကြမယ့်လူတိုင်း သိချင်ကြမယ် ထင်ပါတယ်။ ဒါကြောင့် နာကျင်မှုလျော့ပါးစွာနဲ့ သက်သောင့်သက်သာ တရားထိုင်လို့ရတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

 

ဒီပြဿနာကို လျော့ပါးစေဖို့ဆိုရင်တော့

• သက်သောင့်သက်သာထိုင်ပါ – သက်သောင့်သက်သာရှိမှုက အဓိကကျပါတယ်။ အတင်းကြီး ခါးမတ်ထားတာမျိုး၊ ခါးကိုင်းနေတာမျိုး၊ ညောင်းညာနေချိန်မှာ မနားဘဲ အတင်းထိုင်နေတာမျိုးတွေက ကိုယ့်ကို အကျိုးမဖြစ်စေပါဘူး။

• အခင်းခင်းပါ – ကြမ်းပြင်ပေါ် ဒီအတိုင်းထိုင်တာထက် အခင်း၊ အခုအခံ တစ်ခုခုခံပြီးမှ ထိုင်တာက ပိုအဆင်ပြေစေပါလိမ့်မယ်။

• ပုံစံပြောင်းပါ – တရားထိုင်တာဟာ အသက်ရှူလေ့ကျင့်ခန်း တစ်မျိုးဖြစ်ပါတယ်၊ လျောင်း၊ ထိုင်၊ ရပ်၊ သွားစတဲ့ နှစ်သက်ရာ ဣရိယာပုတ်ကို ပြောင်းပြီး ရှုမှတ်လို့ရပါတယ်။ တရားထိုင်တယ်ဆိုတိုင်း ထိုင်နေရမယ်လို့ မဆိုလိုပါဘူး။

• ထိုင်ခုံသုံးနိုင်ပါတယ် – တရားထိုင်တယ်ဆိုပေမယ့် ထိုင်ခုံပေါ်မှာ ထိုင်ပြီးလည်း ထိုင်လို့ရပါတယ်။ ဒီလိုလုပ်တာက ခါးနာခြင်းကို သက်သာစေနိုင်ပါတယ်။ ထိုင်ခုံပေါ်မှာဆိုပေမယ့် ကျောမှီကို မှီပြီးထိုင်တာမျိုးမဟုတ်ပါဘူး။ ဒီအတိုင်း ခါးဆန့်ထိုင်တာမျိုးပါ။

• ခါးကို မတ်မတ်ထားပါ – တရားမှတ်တာ ကြာလာလေလေ ခါးက ကိုင်းလာလေလေပါ။ ခါးကိုင်လာလေလေ ခါးနဲ့ ကျောက ပိုပြီး နာကျင်လာလေလေမို့ တရားရှုမတ်ချိန်မှာ ခါးမတ်နေအောင် သတိထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ အရေးအကြီးဆုံး အချက်လို့ ဆိုလို့ရပါတယ်။

• ဟန်ချက်ညီအောင် ထိုင်ပါ – ထိုင်နေတယ်ဆိုရင် ခန္ဓာကိုယ်က အရိုးတွေ မျှမျှတတရှိနေပြီး ဟန်ချက်ညီနေအောင်ထိုင်ပါ။ တစ်ဖက်ဖက်ကို စောင်းနေတာမျိုးမဖြစ်စေဖို့ လိုအပ်ပါတယ်။

• ဒူးက တင်ပါးဆုံထက် နိမ့်နေပါစေ – ထိုင်နေရင်း ချိန်ညှိကြည့်လို့ရပါတယ်။ ဒူးကို အတင်းကျုံ့ ထားတာမျိုး မြှင့်ထားတာမျိုးက ကြာလာရင် လူကို မသက်မသာဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ကို ဒူးကို ဖြေလျှော့ထားပါ။

• ရင်ဘတ်ကို ဖွင့်ထားပါ – အင်္ကျီရင်ဘတ်ကို ဖွင့်ခိုင်းတာမဟုတ်ပါဘူး။ ရင်ကို လွတ်လွတ်လပ်လပ် ရှိနေအောင် ခပ်မို့မို့ကလေး စွင့်ခိုင်းထားတာသာဖြစ်ပါတယ်။ ဒါမှ ပခုံးနှစ်ဘက်ဟာ ပိုပြီး သက်သောင့်သက်သာရှိနေမှာဖြစ်သလို ခါးကလည်း အလိုအလျောက် မတ်နေမှာဖြစ်ပါတယ်။

• မေးစေ့နဲ့ ကြမ်းပြင်ကို တပြေးတည်းထားပါ – တချို့က တရားထိုင်ရင် ခေါင်းကြီး ငုံ့ပြီး အသက်ကို ကုန်းရှူနေတတ်ကြတာပါ။ တကယ်တော့ တရားရှုမှတ်ရာမှာ မေးရိုးနဲ့ ကြမ်းပြင်ဟာ တစ်တန်းတည်း ရှိနေဖို့ လိုအပ်ပါတယ်။ ခေါင်းက သဘာဝအတိုင်း ခပ်မတ်မတ်လေး ရှိနေရင် အသက်ရှူရတာ ပိုအဆင်ပြေသလို ခါးရိုးနဲ့ လည်ပင်းရိုးကလည်း တစ်ဖြောင့်တည်းဖြစ်နေမှာမို့ ကျောနဲ့ ခါးနာကျင်တာတွေ သက်သာစေနိုင်ပါတယ်။

တကယ်တမ်းအားဖြင့် တရားထိုင်တာဟာ ခါးနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ စနစ်တကျအသုံးချနိုင်ရင် နာတာရှည် ခါးနာတဲ့ဝေဒနာရှိနေသူတွေကိုတောင် သက်သာစေနိုင်ပါတယ်။ နည်းစနစ်မမှန်ရင်သာ ပြောင်းပြန်သက်ရောက်မှုဖြစ်ပြီး ခါးနာစေတာဖြစ်ပါတယ်။

ဒါကြောင့် တရားရှုမှတ်ချိန်မှာ နည်းမှန်လမ်းမှန်နဲ့ ရှုမှတ်ဖို့ သတိရှိပါ။ မှန်ကန်စွာ တရားရှုမှတ်တာဟာ ကုသိုလ်ရေး တစ်ခုတည်းသာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Ye Zon Aung

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်