တရားဥပဒေစိုးမိုးရေးကို အလေးထား

နေပြည်တော် ၈ မေ

မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသောဒေသများတွင် ရခိုင်ပြည်နယ်လည်း ပါဝင်သည်။ နိုင်ငံတော်အစိုးရသည် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်သည် ပထဝီအနေ အထားအရ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့သော်လည်း ယခုအခါ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ မပေါ်ပေါက်ခဲ့ပါက ယခုအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်သော အခြေအနေများ ပေါ်ထွန်းနေပြီဖြစ်သည်။ ဒေသတစ်ခုတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး မဖြစ်ထွန်းဘဲ မည်သည့်ဖွံ့ဖြိုး တိုးတက်မှုကိုမျှ ထိရောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ရပ်ရွာဒေသများ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးတို့ကို မဖြစ်မနေတည်ဆောက် ဖော်ဆောင်နေရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာများ၊ ပဋိပက္ခများသည် နှစ်ပေါင်းရှည်ကြာဖြစ်ပေါ်ခဲ့သော နောက်ခံ အကြောင်းတရားများကြောင့် ဖြစ်ခဲ့ရာ ဖြစ်ပေါ်ခဲ့သော ပြဿနာဇာစ်မြစ်ကို စုံစမ်းဖော်ထုတ်ပြီး ပြဿနာ၏ အဖြေကို ရှာဖွေဖော်ထုတ် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ဖော်ထုတ်အကြံပေးနိုင်ရေးအတွက် ကိုဖီအာနန် ကော်မရှင်ကိုဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည်။ စိတ်ရှည်မှု၊ သည်းခံမှု၊ လူသားချင်းစာနာ ထောက်ထားမှုတို့ဖြင့် အကျပ်အတည်း အမျိုးမျိုးတို့ကို တစ်နှစ်ခွဲကာလအတွင်း ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးတက်ဖြစ်ထွန်းမှုများရရှိနေပြီ ဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်ကာလ၌ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မတူညီသည့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ထပ်မံဖြစ်ပွားလာသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးခဲ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု၏ ပြဿနာများ၊ အခက်အခဲများနှင့် ပြည်ထောင်စု၏ နယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်လာရေးကို တန်းတူညီမျှ ဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်၏အရေးသည် ပြည်ထောင်စု၏အရေး ဖြစ်သကဲ့သို့ ပြည်ထောင်စု အခြားဒေသများ အရေးသည်လည်း ရခိုင်ပြည်နယ်၏ အရေးကဲ့သို့ ဆောင်ရွက်ပေးနေသည်။

ပြည်ထောင်စု၏ မည်သည့်နေရာအစိတ်အပိုင်း၏ အခက်အခဲကိုမဆို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေသဖြင့် အခက်အခဲများ ကျော်လွှားလွန်မြောက်လိမ့်မည်ဟု ယုံကြည်ပါသည်။ အမှန်တကယ်တွင် ရခိုင်ပြည်နယ် အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းစဉ်များသည် အလွန်သိမ်မွေ့နက်နဲပြီး ခက်ခဲသော လုပ်ငန်းစဉ်များဖြစ်ပါသည်။ သို့သော်လည်း အစိုးရအနေဖြင့် မဖြစ်မနေ ဆောင်ရွက်မည်ဟူသည့် ဇွဲ၊ လုံ့လဖြင့် ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းသာမက အခြားဒေသများတွင် ကြုံတွေ့နေရသော ပြဿနာအများစုသည် ကာလရှည် ဖွံ့ဖြိုးတိုးတက်ရေး နိမ့်ကျခဲ့ရမှုနှင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု အားနည်းခဲ့ရခြင်းတို့ကြောင့် ဖြစ်ပေါ်ခဲ့သည်မှာ အရင်းခံ အကြောင်းတရားတစ်ခုဖြစ်သည်။ ထို့ကြောင့်ပြဿနာဖြေရှင်းရေး၌ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို တည်ဆောက်ရမည်ဖြစ်သည်။ သို့မှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာတည်ဆောက်နိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုဘဝမြင့်မားတိုးတက်ရေးကို ဆောင်ကြဉ်းပေး နိုင်မည်ဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ဆောင်ရွက်ရာတွင် လူမှုသဟဇာတဖြစ်ရေးသည် အရေးပါသော အချက်ဖြစ်ပြီး ယင်းကို ဆောင်ရွက်နိုင်ရန်အတွက် တရားဥပဒေ စိုးမိုးရေးနှင့်လုံခြုံရေးကို မထိခိုက်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိကြုံတွေ့နေသော အခက်အခဲများကို ဖြေရှင်းနိုင်ရေး၊ နေရပ်စွန့်ခွာသွားသူများအား နေရာပြန်လည်ချထားပေးရေးနှင့် အနာဂတ်တွင် အလားတူပြဿနာများ မဖြစ်ပွားရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အဓိကကျသည့် အချက်ဖြစ်ကြောင်း သတိချပ်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးသာမက ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရာတွင် အဓိကကျသည့် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ပြည်ထောင်စုအသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကြေးမုံ