တရားဝင်ကွာရှင်းလိုက်ပြီဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

၂၃  ဇူလိုင်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ လတ်တလောမှာ တရားဝင်ကွာရှင်းပြတ်စဲမှုတွေကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက တရားဝင်ကွာရှင်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ကြပြီး တစ်လမကြာမီမှာပင် အပြီးသတ် ကွာရှင်းနိုင်ခဲ့ကြတာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

တစ်နှစ်ရှစ်လကြာ လက်တွဲခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာတော့ ဆောင်းဟေကိုနဲ့ ဆောင်းဂျွန်ကီတို့ လမ်းခွဲကြောင်းသတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ တရားရုံးမှာ တရားဝင်ကွာရှင်းပြတ်စဲနိုင်ဖို့ရာ ဆောင်ရွက်ခဲ့ကြပြီး ဇူလိုင် ၂၆ ရက်မှာ အပြီးသတ်ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ ဆိုးလ်မိသားစုတရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီသတင်းကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ ပြောကြားနိုင်ခြင်း မရှိဘူးလို့ ၎င်းက ဆိုပါတယ်။

ဒီလို တရားဝင်ကွာရှင်းလိုက်ပြီးနောက် ဆောင်းဟေကိုက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ဓာတ်ပုံတွေအားလုံးကို ဖျက်ပစ်ခဲ့ပါတယ်။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ နှစ်ဦးစလုံးဟာ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။ ဆောင်းဟေကိုဟာ ပြည်ပမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတွေကို တက်ရောက်ခဲ့ပြီး ရုပ်ရှင်သစ်တစ်ကားကိုလည်း လက်ခံရိုက်ကူးပေးဖို့ရာ ရှိနေပါတယ်။ ဆောင်းဂျွန်ကီကလည်း ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်သစ်တွေကို လက်ခံရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။

အေးပြည့်