တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွနံပါတ်ပြားများ သုံးစွဲခြင်းမပြုသည့် ယာဉ်ပိုင်ရှင်များကို မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူ

ရန်ကုန် ၈ ဇူလိုင်

 

တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွနံပါတ်ပြားများ သုံးစွဲခြင်းမပြုသည့် ယာဉ်ပိုင်ရှင်များကို မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်ကကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး၊ (၁၁)ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်း၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်း အချို့မော်တော်ယာဉ်များသည် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပေးသည့် ဖောင်းကြွကားနံပါတ်များအား သုံးစွဲခြင်းမပြုဘဲ စာလုံး ပုံစံအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစား အပြားများပေါ်တွင် တပ်ဆင်အသုံးပြုထားခြင်းမှာ တရားဝင်ပါသလား၊ တရားမဝင်ပါက အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိကို သိရှိလိုကြောင်း” မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

 

“ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပေးထားတဲ့ ဖောင်းကြွကားနံပါတ်များကို သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလပ်စတစ်နဲ့ အခြားအမျိုးအစား အပြားများပေါ်မှာ  တပ်ဆင်အသုံးပြုထားခြင်းမှာ တရားမဝင်ပါဘူး”ဟု ဒေါ်နီလာကျော် က ပြောသည်။

 

သို့ဖြစ်၍ မော်တော်ယာဉ်ဥပဒေအရ ပုဒ်မ ၅၃ တွင် (က) မော်တော်ယာဉ်နံပါတ်ပြားကို မထင်ရှားအောင် ပြုလုပ်ခြင်း၊ (ခ) မော်တော်ယာဉ်နံပါတ်ပြားကို ထင်ယောင်ထင်မှားဖြစ်ရန် ပြုလုပ်ခြင်း၊ (ဂ) မမှန်မကန်သော မော်တော်ယာဉ်နံပါတ်ပြားကို မော်တော်ယာဉ်တွင် တပ်ဆင်အသုံးပြုခြင်းများ မပြုလုပ်ရဟု ပြဋ္ဌာန်းထားကြောင်း၊ မည်သူမဆို မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၁ အရ ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ မော်တော်ယာဉ်ဥပဒေအရ အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ ရန်ကုန်မှ တစ်လအတွင်း(၂၀၁၉ ခုနှစ် မေ ၁၄ ရက်မှ ဇွန် ၁၆ ရက်အထိ) စုစုပေါင်း မော်တော်ယာဉ်စီးရေ ၁၂၇ စီးနှင့် မော်တော်ဆိုင်ကယ် ၁၈ စီးကို အရေးယူထားကြောင်း ဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

 

ငြိမ်းငြိမ်း-နယူးလိုက်