တရုတ် ဒုဝန်ကြီးချုပ် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ ကန်တာဝန်ရှိသူများနှင့် ဆွေးနွေး

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် ယနေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်း၊ ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သင်ဇာတို့နှင့် နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်-အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ခေါင်းဆောင်သည့် လျူက နှစ်နိုင်ငံခေါင်းဆောင်များ မကြာသေးမီက သဘောတူညီခဲ့သည့် အများဆန္ဒကို အကောင်အထည်ဖော်သွားရန် ယနေ့ နံနက်ပိုင်းက စတီဗင်မူချင်း၊ ရောဘတ်တို့ကို ဖိတ်ကြား၍ ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်သွားမည့် အချိန်ဇယားနှင့် လမ်းညွှန်မြေပုံကို  တရုတ်-အမေရိကန် နှစ်ဖက်လုံးက အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ဒီဇင်ဘာ ၁ရက်နေ့က အာဂျင်တီးနားနိုင်ငံ၌ ပြုလုပ်သည့် ညစာစားပွဲတစ်ခုတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အဓိကကျသော အချက်များကို သဘောတူညီခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်