တရုတ်နဲ့ အိန္ဒိယအတွက် အမာခန်ရဲ့ ရုပ်ရှင်ဇာတ်ကားကောင်းမျိုးတွေ ပိုမိုလိုအပ်

နယူးဒေလီ ၂၄ ဇန်နဝါရီ
 
 
အိန္ဒိယ ရုပ်ရှင်မင်းသား အမာခန်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Secret Superstar ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြီး လေးရက်အတွင်းမှာ တရုတ်ပရိသတ်တွေရဲ့  သဲသဲလှုပ်အားပေးမှုကိုရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး အေးစက်စက်ဖြစ်နေတဲ့ တရုတ်-အိန္ဒိယဆက်ဆံရေးအပေါ် ဆန့်ကျင်ရိုက်ကူးထားမှုအဖြစ် ရေပန်းစားနေပါတယ်လို့ ဆင်ဟွာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
 
 
တရုတ်ရုပ်ရှင်ကြိုက် ပရိသတ်တွေကတော့ စီးပွားရေးနဲ့ နိုင်ငံရေးမှာသာမက ကျယ်ပြန့်တဲ့ယဉ်ကျေးမှု နယ်ပယ်ကိုပါ ရိုက်ခတ်နိုင်စွမ်းရှိပြီး နှစ်နိုင်ငံလုံးအတွက် ရသပေးစွမ်းနိုင်တဲ့ အမာခန်ရဲ့ ရုပ်ရှင်တွေကို နှစ်ခြိုက်နေကြပါတယ်။ ရှေးကျတဲ့ ယဉ်ကျေးမှု အစဉ်အဆက်ရှိကြတဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံလုံးဟာ သမိုင်းမှာလည်း ကူးလူးဆက်ဆံမှုတွေ အများကြီးရှိပြီး နိုင်ငံတကာအခင်းအကျင်းမှာလည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တန်ဖိုးထားမှုတွေ ဖလှယ်ခဲ့ကြတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
 
 
လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က အိန္ဒိယဘုန်းတော်ကြီး ဗောဓိဓမ္မာဟာ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး ဗုဒ္ဓရဲ့ အဆုံးအမတွေကို ဖြန့်ဝေပေးခဲ့သလို တန်မင်းဆက်လက်ထက်မှာ တရုတ်နိုင်ငံဆီကို အိန္ဒိယယဉ်ကျေးမှုတစ်ဖန် ပြန်သယ်ဆောင်ပေးခဲ့တဲ့ တရုတ်ဘုန်းတော်ကြီး ရွှမ်ကျန်ရဲ့ အနောက်သို့ခရီးသွားခြင်းကလည်း ကျော်ကြားခဲ့ပါတယ်။ အဲဒီလိုနဲ့ အာရှရဲ့နိုင်ငံကြီးနှစ်ခုဟာ ရှေးယခင်ကတည်းက အပြန်အလှန်ဖလှယ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
 
 
ရှေးဟောင်းနိုင်ငံကြီးနှစ်ခုဟာ တူညီတဲ့အတွေးအမြင်တွေ စိတ်ကူးစိတ်သန်းတွေကိုလည်း ပိုင်ဆိုင်ထား ကြပါသေးတယ်။ အကြမ်းမဖက်ဖို့နဲ့ သဘာဝတရားနဲ့ လူသားတို့ အတူတကွယှဉ်တွဲနေထိုင်ဖို့ဆိုတဲ့ အိန္ဒိယယဉ်ကျေးမှုအတွင်းမှာ တရုတ်ယဉ်ကျေးမှုရိုးရာတွေပါ ရောထွေးတည်ရှိနေတာကိုလည်း တွေ့ရပါတယ်။ မော်ဒန်ခေတ်မှာလည်း တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံဟာ အချင်းချင်းထောက်ခံပေးနေကြရင်းနဲ့ သူတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြကြပါတယ်။ နှစ်နိုင်ငံအချင်းချင်းနားလည်မှု ပိုမိုရရှိလာလေလေ ဖွံ့ဖြိုးမှု အစီအစဉ်တွေ ပိုမိုဖော်ဆောင်နိုင်မှာဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုကနေ နှစ်နိုင်ငံပြည်သူတွေလည်း အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်လို့ ဆင်ဟွာမှာ ဖော်ပြထားပါတယ်။
 
 
(MDN)
ကိုးကား-ဆင်ဟွာ