တရုတ်နိုင်ငံ၌ နျူကလီးယား ဒုံးကျည်လက်နက်များစွာ ပိုင်ဆိုင်ထားဟု အမေရိကန် ပြော

၂ စက်တင်ဘာ

 

 

တရုတ်နိုင်ငံက ယခုလက်ရှိ အချိန်တွင် နျူကလီးယားဒုံးကျည် ၂၀၀ ကျော် ပိုင်ဆိုင်ထားပြီး လာမည့် ဆယ့်စုနှစ်အတွင်း နှစ်ဆအထိ ရှိလာမည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

စက်တင်ဘာလ ၁ ရက်က ပင်တဂွန် ထုတ်ပြန်သည့် တရုတ်တပ်မတော်၏ အလားအလာများဆိုင်ရာ နှစ်စဉ် အစီရင်ခံစာတွင် တရုတ် နျူကလီးယား တပ်ဖွဲ့၏ အင်အားကို ပထမဆုံးအကြိမ် ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

 

 

အမေရိကန်၏ ဂျပန်အခြေစိုက် စခန်းများမှ စုံစမ်းရရှိသည့် ကိန်းဂဏန်းများအရ နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သော တာလတ် ဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့၏ စစ်ရေးအရ လက်နက်လျော့ချမည့် သဘောတူညီချက်သည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး အသစ်ချုပ်ဆိုမည့် စာချုပ်တွင် ပူးပေါင်းပါဝင်ရန် အမေရိကန်ပြည်ထောင်စုမှ တရုတ်နိုင်ငံအား တောင်းဆိုထားသည်။

 

 

နျူကလီးယား စွမ်းရည်ကို ကန့်သတ်မည့် အဆိုပါ စာချုပ်တွင် ပူးပေါင်းပါဝင်မည် မဟုတ်ဟု တရုတ်နိုင်ငံက ရိုးတိုးရပ်တိပ် ပြောကြားခဲ့သည်။

 

 

တရုတ်နိုင်ငံ၏ နျူကလီးယား ဒုံးကျည် အရေအတွက်ကို ခန့်မှန်းခြင်းသာဖြစ်ပြီး အရေအတွက် အတိအကျသိရန် ခက်ခဲမည်ဟု တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ချဒ်ဆာရာ ဂီရာက ပြောကြားခဲ့သည်။ 

 

 

တရုတ်နိုင်ငံသည် ရေငုပ်သင်္ဘောများနှင့် လေကြောင်းမှ ပစ်လွှတ်သည့် နျူကလီးယား ဒုံးကျည်များ ထုတ်လုပ်ခဲ့ပြီး မြေအောက် တိုက်ချင်းပစ်ဒုံးကျည်များကို ဖြည့်တင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ စစ်ရေးအင်အား တိုးချဲ့မှုကို ဆက်လက် စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်