တရုတ်နိုင်ငံရှိ ပြည်နယ်ငါးခုတွင် ဗိုင်းရပ်စ်ပိုး ပြန်လည်ကူးစက်ပျံ့နှံ့နေ

၂၈ ဇူလိုင်

 

 

တရုတ်နိုင်ငံ အရှေ့မြောက်ဒေသရှိ ဆိပ်ကမ်းမြို့တစ်မြို့မှ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တစ်ခြားပြည်နယ်တွေကို ကူးစက်မှုရှိရာ ပိတ်ပင်တားမြစ်မှုအသစ်တွေ ပြဌာန်းထားကြောင်း တာဝန်ရှိသူတွေက ဒီနေ့ (အင်္ဂါနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။ 

 

 

ဗိုင်းရပ်စ်ပိုး ပြန်လည်ပျံ့နှံ့ကူးစက်မှုဟာ အခုလပိုင်းမှာဖြစ်ခဲ့ရာ ဒီနေ့မှာတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆၈ ဦးရှိတဲ့အတွက် ဧပြီလကစပြီး ပိုးတွေ့ရှိသူ အများဆုံးလို့ ဆိုရမယ့်နေ့ဖြစ်ပါတယ်။

 

 

ပိုးတွေ့ရှိသူ ၆၈ ဦးထဲမှ ၅၇ ဦးဟာ ရှင်ကျန်းပြည်နယ်မှာ တွေ့ရှိတဲ့အတွက် နေထိုင်သူ ၇ သန်းကို ဗိုင်းရပ်စ်ပိုးစစ်ဆေးခဲ့သလို ပြည်နယ်မြို့တော် ဉရန်ကီမြို့ကို အသွားအလာပိတ်ဆို့ထားကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆ ဦးကတော့ လီအိုနင်းပြည်နယ်ရဲ့ ဆိပ်ကမ်းမြို့တော် ဒါလီအန်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ကပ်ရောဂါပိုးကူးစက်ခံရသူကို ပင်လယ်စာထုတ်လုပ်ရေးစက်ရုံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒါလီအန်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၄ ဦးထိ ရှိသွားပြီဖြစ်ပါတယ်။

 

 

ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ဒါလီအန်ကစတင်ခဲ့ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ အရှေ့တောင်ဘက်ရှိ ဒါလီအန်နဲ့ မိုင် ၉၀၀ ဝေးတဲ့ ကမ်းရိုးတန်း ပြည်နယ်ဖြစ်တဲ့ ဖူဂျီယံပြည်နယ် အပါအတွင် ပြည်နယ် ၅ ခုရဲ့ မြို့ ၉ မြို့အထိ ပျံ့နှံ့ကြောင်း ပြောပါတယ်။

 

 

မြို့တော်ဘေကျင်းမှာ လတ်တလော ပြန်လည်ကူးစက်လာတဲ့ ကပ်ရောဂါပိုးဟာ ဒါလီအန်မြို့မှ လူနာတစ်ဦး ဘေကျင်းမြို့ကို ရောက်ခဲ့ရာမှ ဇူလိုင်လဆန်းတွင် ဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန် ကူးစက်လာတာလို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

 

 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃၉၁ ဦး လက်ရှိချိန်မှာ ဆေးကုသခံယူနေရပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၈၃,၉၅၉ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP