တရုတ်နိုင်ငံသို့ မြန်မာမိန်းကလေးများ ပို့ဆောင်ရောင်းစားခဲ့သူများကို ထောင်ဒဏ် နှစ် (၂၀) ချမှတ်

နေပြည်တော် ၁၁ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်နေ မအငယ်လေး(ခ) အေးမြတ်မွန် (ဘ) ဦးခင်ညို၊ တ/၁၅ ရပ်ကွက်နေ မမာမာဦး (ဘ) ဦးစံသိန်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်နေမစိုး(စိစစ်ဆဲ)၊ လားရှိုးမြို့၊ (၉) ရပ်ကွက်နေ မစုစုခိုင်ထွေး(စိစစ်ဆဲ)၊ သားငယ်(စိစစ်ဆဲ)၊ (၁၂)ရပ်ကွက်နေမရှမ်းမ (ခ) ဒေါ်သန်းလှ (စိစစ်ဆဲ)နှင့် ခင်ပွန်းဖြစ်သူ ဦးထွန်းအောင် (စိစစ်ဆဲ) တို့သည် ၂၀၁၃ ခုနှစ် မတ် ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ မ××××× (၂၄)နှစ်ကိုလည်းကောင်း၊ မတ် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ မ××× (၁၉)နှစ်အားလည်းကောင်း တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဟု လိမ်လည်စည်းရုံးပြီး တရုတ်အမျိုးသားများထံ ရောင်းစားခဲ့မှု ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြစ်မှုကျူးလွန်သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး တရားစွဲတင်ပို့ခဲ့ရာ မမာမာဦးနှင့် မအငယ်လေး (ခ) အေးမြတ်မွန်တို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီဖြင့် (၂) မှုအတွက် အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) သီးခြားစီ ကျခံစေရန် ၂၀၁၉ ခုနှစ် မေ ၃၁ ရက်က အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံများကို တရားခံပြေး ကြေညာခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်းစဉ်