တရုတ်နိုင်ငံတွင် အလုပ်ရရှိမည်ဟုပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားနှင့် ပေါင်းသင်းရန် ပို့ဆောင်သူ(၂)ဦးအား အရေးယူ

နေပြည်တော် ၁၃  ဇွန် 


    
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာရပ်ကွက်နေ မ×××× (၂၄)နှစ် သည် ဇွန် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းချခံရကြောင်း သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၁) တပ်ဖွဲ့ဝင်များမှ သက်သေများနှင့် အတူသွားရောက်စစ်ဆေးခဲ့သည်။

 

စစ်ဆေးမေးမြန်းချက်အရ မ××××သည် ဖေဖော်ဝါရီလခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများ ရန်ဖြစ်၍ မိခင်ဖြစ်သူနေအိမ်သို့ လိုင်းကားဖြင့် ပြန်သွားခဲ့ရာ ယာဉ်မောင်း ဖြစ်သူ ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ကိုရဲထွဋ်(ခ)ရဲကြီး (၃၀)နှစ်နှင့် တွေ့ဆုံခင်မင် ရင်းနှီးခဲ့ကြောင်း ၊ ၎င်းမှ တရုတ်ပြည်ရှိခေါက်ဆွဲဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် နှစ်သိန်းခွဲ သုံးသိန်း ရရှိမည်ဟု စည်းရုံးပြောဆိုသဖြင့် လုပ်ကိုင်ရန် သဘောတူခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကိုရဲထွဋ်(ခ)ရဲကြီးနှင့် ဇနီးဖြစ်သူ သန်းသန်းရွှေ(ခ) ဂွတ်ရှယ် (၄၄)နှစ်တို့မှ လားရှိုးမြို့သို့ ခေါ်ဆောင် သွားခဲ့ပြီး အမည်မသိတည်းခိုခန်းတွင် တစ်ညတည်းခိုခဲ့ကြောင်း၊ 

 

ထို့နောက် ၎င်းအား ကြူကုတ်-ပန်ဆိုင်းလမ်းအတိုင်း တရုတ်ပြည်သို့ ခေါ်ဆောင်သွား ခဲ့ပြီး နေအိမ်တစ်ခုအတွင်းသို့ ရောက်ရှိစဉ် တရုတ်အမျိုးသားတစ်ဦးက ကိုရဲထွဋ်(ခ)ရဲကြီးနှင့် သန်းသန်းရွှေ(ခ)ဂွတ်ရှယ် (၄၄) နှစ်တို့ထံ တရုတ်ငွေများပေးအပ်ကာ ထပ်မံခေါ်ဆောင်သွားခဲ့ ကြောင်း၊ 

 

အဆိုပါ တရုတ်အမျိုးသားနှင့် (၃)ညအိပ်(၄)ရက်ကြာလိုက်ပါသွားခဲ့ရာမှ ဇနီးမယား အဖြစ် ပေါင်းသင်းရန် ခေါ်ဆောင်လာသည်ကို သိရှိရသဖြင့် ထွက်ပြေးစဉ် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး အမည်မသိ ဘိုးဘွားရိပ်သာ တစ်ခုတွင် ခေတ္တထိန်းသိမ်းစောင့်ရှောက်ကာ ဇွန် ၅ ရက်တွင် မြန်မာနိုင်ငံသို့ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့သဖြင့် ပြန်လည်ရောက်ရှိကြောင်း စစ်ဆေးသိရှိရသဖြင့် ကိုရဲထွဋ်(ခ)ရဲကြီးနှင့် ဇနီးဖြစ်သူသန်းသန်းရွှေ (ခ) ဂွတ်ရှယ် (၄၄)နှစ် တို့အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေ ရဲစခန်း(ပ)၅၅၂/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးနှိမ်ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

MDN