တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း ထွက်ခွာ

ရန်ကုန် ၆ စက်တင်ဘာ

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ထွက်ခွာသွားရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖူဆယ်ကလပ် အသင်းများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။  
                 
ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးကြည်မင်းသိန်း (ဥက္ကဋ္ဌ၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်) နည်းပြချုပ် အဖြစ် ဦးဌေးမြင့်၊ အသင်းအတွင်းရေးမှူးအဖြစ် ဦးအောင်မော်သိန်း၊ လက်ထောက်နည်းပြအဖြစ် ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြအဖြစ် ဦးထွန်းထွန်းလတ်၊ ဂိုး-ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ ကစားသမား ဝေဇင်ဦး၊ ပြည့်ဖြိုးမောင် (၃)၊ ခင်ဇော်လင်း၊ ပြည့်ဖြိုးမောင်(၂)၊ ကောင်းချစ်သူ၊ မျိုးမြင့်စိုး၊  အောင်ဇင်ဦး၊ ငြိမ်းမင်းစိုး၊ ကျော်စိုးမိုး၊ စိုင်းပြုံးအောင်၊ နိုင်ရဲကျော်နှင့် ကိုကိုလွင်တို့ ပါဝင်ကြသည်။  

တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အပါအဝင် မြန်မာ၊ မလေးရှားနှင့် မက္ကဆီကို လက်ရွေးစင်အသင်းတို့ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၇ ရက်တွင် တရုတ်အသင်း၊ စက်တင်ဘာ ၈ ရက်တွင် မက္ကဆီကိုအသင်း၊ စက်တင်ဘာ ၁၀ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းသည် စက်တင်ဘာ ၅ ရက်တွင် ထွက်ခွာရန် စီစဉ်ထားသော်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး ခရီးစဉ်များ ရွှေ့ဆိုင်းခဲ့သောကြောင့် စက်တင်ဘာ ၆ ရက်မှသာ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်