တတိယအကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ စစ်တွေမြို့၌ ကျင်းပမည်

စစ်တွေ ၂၅ မေ  

 

မရမာကြီးတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရခိုင်ပြည်နယ်)က ကြီးမှူး၍ တတိယအကြိမ်မြောက် မရမာကြီး အမျိုးသားနေ့ကို စစ်တွေမြို့၌ မေ ၂၉ ရက် နယုန်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

“ပထမအကြိမ် မရမာကြီးအမျိုးသားနေ့ကို ကျောက်ဖြူမြို့မှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်နဲ့ ယခု တတိယအကြိမ်ကို စစ်တွေမြို့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ မရမာကြီး အမျိုးသားနေ့ ကျင်းပရတဲ့ရည်ရွယ်ချက် ကတော့ တိုင်းရင်းသားလူမျိုးတစ်မျိုးတွင် မိမိတို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ဖော်ထုတ်ပြသနိုင်မယ့် အမျိုးသားနေ့ဆိုတာ ရှိသင့်ပါတယ်။ ဒီလို မိမိတို့ရဲ့ အမျိုးသားနေ့ကို နှစ်စဉ် ကျင်းပပေးခြင်းဖြင့် မိမိတို့လူမျိုးစုရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ထုတ်ခွင့်ရရှိပြီး ပြည်နယ်အတွင်း ဖြန့်ခွဲနေထိုင်ကြတဲ့ မရမာကြီး တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုမှတစ်ဆင့် ဒေသနေတိုင်းရင်းသား အားလုံးတို့နဲ့လည်း စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေဖို့ ဖြစ်ပါတယ်။ မရမာကြီး တိုင်းရင်းသားတို့ရဲ့ သမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်အောင် ဖော်ထုတ်လိုစိတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ကို ခေတ်လူငယ်တွေ သိရှိလာစေဖို့အတွက်လည်း ဖြစ်ပါတယ်။ အခုနှစ် တတိယအကြိမ်မြောက် အမျိုးသားနေ့ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ရန်ပုံငွေ ၁၅ သိန်းချပေးလို့ ယခင်နှစ် ကထက် ပိုမိုစည်ကားအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားနေ့ ကျင်းပရေးအတွက် ၂၀ ရက်က စစ်တွေမြို့ မရမာကြီး ကျောင်းဟောင်း ပရိယတ္တိစာတိုက်တွင် မြို့ပေါ်ရှိ မရမာကြီးတိုင်းရင်းသားတွေကို အစည်းအဝေးဖိတ်ခေါ်ပြီး တွေ့ဆုံညှိနှိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်နုက ပြောသည်။ 

 

မရမာကြီးတိုင်းရင်းသားတို့သည် ရခိုင်မျိုးနွယ်စု ခုနစ်စုထဲတွင် မျိုးနွယ်စုတစ်စုအနေဖြင့် ပါဝင်ပြီး အမျိုးသားနေ့ကို ရိုးရာအကပဒေသာများ၊ ရိုးရာအစားအစာများ၊ ယဉ်ကျေးမှုနှင့် ရိုးရာအသုံးအဆောင်ပစ္စည်း များ ခင်းကျင်းပြသမည့် အစီအစဉ်များလည်း ပါဝင်အောင် စီစဉ်ဆောင်ရွက်ထားရှိကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ရခိုင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ စစ်တွေမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ စာရေးဆရာ၊ သတင်းစာဆရာများ၊ မီဒီယာများနှင့် ရခိုင်ပြည်နယ်ရှိ ညီနောင်တူဖွား ရခိုင်၊ သက်၊ မရမာကြီး၊ သက္ကမ (ဒိုင်းနက်)၊ ခမီ၊ မြို၊ ချင်း၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ဖိတ်ကြား၍ စုပေါင်းအင်အားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

 

မောင်မောင်ကျော့(ပလက်ဝ)