တုပ်ကွေးဆန်သော အဖျားရောဂါ ကြိုတင်ကာကွယ်ရန် တံတားဦးလေဆိပ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

မန္တလေး ဇန်နဝါရီ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် ဓာတ်ခွဲအတည်မပြုရသေးသည့် တုပ်ကွေးဆန်သော နမိုးနီယားဗိုင်းရက်(စ်)ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဇန်နဝါရီ ရက်က တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် အဆိုပါရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သက်ဆိုင်ရာ ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများ သိရှိဆောင်ရွက်နိုင်စေရန် ဇန်နဝါရီ ရက်က အကြောင်းကြားစာများ ပေးပို့ထားပြီး အဆိုပါအကြောင်းကြားစာတွင် တုပ်ကွေးဆန်သည့် အဖျားရောဂါ လက္ခဏာများ စောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရန်နှင့် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိပြီး ၁၄ ရက်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ တွေ့ရှိခဲ့ပါက ချက်ချင်းသတင်းပို့ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးတံတားဦးလေဆိပ်ကို တရုတ်နိုင်ငံက လေကြောင်းလိုင်းတွေ အများဆုံးဆိုက်ရောက်ကြတယ်။ အခုရောဂါအဓိက ဖြစ်ပွားနေတဲ့ ဝူဟန်လေကြောင်းလိုင်းကလည်း တံတားဦးလေဆိပ်ကို တစ်ပတ်ကို တနင်္လာနဲ့ သောကြာ နှစ်ရက်မှာ တိုက်ရိုက်ဆင်းသက်တဲ့အတွက် သတိထားရမယ့်အပိုင်းမှာ ပိုရှိပါတယ်။ ဒါကြောင့် တံတားဦးလေဆိပ်မှာ အရင်က တပ်ဆင်ထားတဲ့ သာမိုစကရင် တစ်လုံးအပြင် အခုနောက်ထပ်တစ်လုံး တိုးချဲ့တပ်ဆင်ပြီး သာမိုစကရင် နှစ်လုံးနဲ့ ခရီးသည်တွေကို အဖျားရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ လေကြောင်းလိုင်းကလာတဲ့ ခရီးသည်တွေက သာမိုစကရင်ရှေ့က ဖြတ်သွားရင် သတ်မှတ်ထားတဲ့ ၃၈ ဒီဂရီထက် ပိုများနေရင် သာမိုစကရင်မှာ သတိပေးတဲ့စနစ်ကို အသုံးပြီး ဆောင်ရွက်နေပါတယ်ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

 

ထို့ပြင် သံသယလူနာ တွေ့ရှိပါက အရေးပေါ်လူနာတင်ယာဉ်နှင့် ယာဉ်မောင်းများအပြင် ရောဂါကုသရန် သင်တန်းပေးထားသည့် ကျန်းမာရေးဝန်ထမ်းများ လူနာသယ်ယူရမည့် လမ်းကြောင်းများ ကုသဆောင်များကို သီးသန့်စီစဉ်ပေးထားပြီး ဆေးဝါးအသုံးအဆောင်ပစ္စည်းများကိုလည်း ကြိုတင်ပြင်ဆင်ထားရှိကြောင်းနှင့် သံသယလူနာ တွေ့ရှိပါက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အမြန်ဆုံး သတင်းပေးပို့နိုင်ရန် Hotline ဖုန်း တစ်ခုကို သီးသန့်တပ်ဆင်ထားကြောင်း သိရသည်။

 

အဆိုပါရောဂါ ဖြစ်ပွားနေသူများ တွေ့ရှိပါက ကုသပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းသေကြီးအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ရက်က မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)