တုပ်ကွေးနဲ့ အအေးမိ ဘာတွေကွာခြားလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

ခန္ဓာကိုယ်မှာ နေထိုင်မကောင်းဖြစ်တဲ့အခါ နေလို့မကောင်းဘူး၊ ဖျားချင်ချင်ဖြစ်နေပြီလို့ပြောတာကြားဖူးမှာပေါ့။ အများစုက ဒီလိုအခြေအနေကို နေမကောင်းဘူးလို့ပဲ အလွယ်တကူ ပြောလိုက်ကြပါတယ်။ တကယ် တော့ နေမကောင်းတဲ့အခါ အဖြစ်အများဆုံးတွေက အအေးမိတာ (cold) နဲ့ တုပ်ကွေးမိတာ (flu) တို့ ရှိတာကြောင့် နေမကောင်းတဲ့အခါ အအေးမိဖျားတာမျိုးရှိနိုင်သလို တုပ်ကွေးမိတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။  ဖျားနာနေတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဟာ ရောဂါလက္ခဏာတွေ ဆင်တူလေ့ရှိပေမယ့် အကြမ်းဖျင်းတော့ ခွဲခြားလို့ရပါတယ်။

 

တုပ်ကွေးဖြစ်တာနဲ့ အအေးမိတာက တချို့လက္ခဏာတွေ ဆင်တူနေတတ်ပါတယ်။

အိပ်ရာကနိုးတဲ့အခါ နှာချေတာ၊ ချောင်းဆိုးတာ၊ ခြေလက်တွေထဲက တစစ်စစ်ကိုက်တာ၊ အဖျားရှိနေတာမျိုး ဖြစ်မယ်ဆိုရင်တော့ အအေးမိတာဖြစ်နိုင်သလို တုပ်ကွေးမိတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာတွေက နှစ်ခုလုံးမှာ ဆင်တူတာကြောင့်ပါ။

 

ဘာတွေကွာခြားသလဲ။

အအေးမိတာ – အအေးမိတာက သိပ်မပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှု တစ်ခု ပါ။  ခန္ဓာကိုယ်က မအီမသာဖြစ်လာမယ်။ ခြေလက်တွေ ညောင်းလာမယ်။ နှာချေမယ်။ လည်ချောင်းနာမယ်။ နှာစေးမယ်ဆိုရင် ဒါကအဖျားသွေး ရှိနေပြီလို့ ပြောရပါတယ်။ အရမ်းမပြင်းထန်ပေမယ့် အဖျားသက်သာဖို့ အချိန်တော်တော်လေးတော့ ယူရပါတယ်။ ပြည့်ပြည့်ဝဝအနားယူပေးတာ၊ အာဟာရပြည့်ဝအောင် စားသုံးပေးလိုက်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် သက်သာသွားအောင် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

 

တုပ်ကွေးဖြစ်တာ – ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ နှာချေချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေအပြင် အဖျားကြီးတက်တာ၊  ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ တုပ်ကွေး ဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်ပါမယ်။ တုပ်ကွေးရဲ့နောက်မှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေလည်း နောက်ဆက်တွဲအနေနဲ့ ဖြစ်နိုင်သေးလို့ အမြန်အဆန် ကာကွယ်ကုသမှုခံယူသင့်တာပါ။

 

အအေးမိတဲ့အခါ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်။

အအေးမိတဲ့အခါ အရင်ဆုံးလည်ချောင်းနာလာပါမယ်။ ဒါကလည်း တစ်ရက်၊ နှစ်ရက်လောက်ဆို သက်သာသွားတတ်ပါတယ်။ နောက်တစ်ခုကတော့ နှာစေးတာပါ။ နှာရည်တွေကျတာမျိုး ဖြစ်နိုင်သလို နှာခေါင်းပိတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်ဖြစ်နိုင်တဲ့ လက္ခဏာတစ်ခုက ချောင်းဆိုးတာပါပဲ။ အအေးမိတာက လူကြီးပိုင်းတွေမှာ သိပ်မသိသာပေမယ့် ကလေးငယ်လေးတွေမှာဖြစ်တာဆိုရင်တော့ ကလေးက တော်တော်လေး မအီမသာဖြစ်ပြီး  နေထိုင်ရမသက်သာတာမျိုး ဖြစ်နိုင်ပါတယ်။ အအေးမိဖျားနာတာ ကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေက ရာနဲ့ချီပြီးရှိနေပါတယ်။

 

အအေးမိတာက ဘယ်လောက်ကြာတတ်လဲ။

အအေးမိတဲ့လက္ခဏာတွေကို ပုံမှန်အားဖြင့်က သီတင်းပတ် တစ်ပတ်လောက်ကြာတဲ့အထိ ခံစားရနိုင်ပါတယ်။ အိမ်မှာပဲနေပြီး ပြည့်ပြည့်ဝဝအနားယူမယ်။ အာဟာရပြည့်ဝအောင် စားသုံးပေးမယ်၊ ရေဓာတ်ပြည့်ဝအောင် သောက်သုံးမယ်ဆိုရင် သက်သာသွားမှာအသေအချာပါ။ ဒါပေမယ့်သီတင်းပတ် တစ်ပတ်ကြာတဲ့အထိမှ အဖျားက သက်သာမလာဘူးဆိုရင်တော့ ဘက်တီးရီးယားတစ်မျိုးမျိုး ကူးစက်ခံထားရတာဖြစ်နိုင်တာကြောင့် ပဋိဇီဝဆေးတစ်မျိုးမျိုး သောက်သုံးဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။

 

တုပ်ကွေးဖြစ်ရင် ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်။

တုပ်ကွေးက ပုံမှန်အားဖြင့်တော့ အအေးမိတာထက် ပိုပြင်းထန်တတ်ပါတယ်။ ရောဂါတိုးတက်လာတဲ့ ပုံစံကလည်း ပိုပြီး မြန်ဆန်တတ်ပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ လည်ချောင်းနာမယ်၊ အဖျားတက်မယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားတွေနာကျင်မယ်၊ နှာခေါင်းပိတ်မယ်၊ ချောင်းဆိုးမယ်။ ပြင်းထန်တဲ့ တုပ်ကွေးပိုး ကူးစက်ခံရတာမျိုးဆိုရင် အော့အန်တာနဲ့ ဝမ်းသွားတာတွေလည်း ဖြစ်နိုင်ပါတယ်။

 

ဘယ်လိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုမလဲ။

သာမန်ဖျားနာတာလောက်က ပြည့်ပြည့်ဝဝလေးအနားယူမယ်၊ အာဟာရပြည့်ဝအောင်စားသုံးမယ်၊ သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူလိုက်မယ်ဆိုရင် သက်သာသွားတတ်ပေမယ့် အဖျားက တော်တော်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင်တော့ ပြင်းထန်တဲ့ ပြဿနာတွေ ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။

 

အသက်ရှုရခက်ပြီး ရင်ဘတ်ထဲက အောင့်နေမယ်

အအေးမိဖျားနာတာက အသက်ရှုရခက်စေတာမျိုး၊ ရင်ဘတ်ထဲကအောင့်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ တကယ်လို့များ ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့  နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ဝေဒနာနဲ့ အဆုတ်ရောင်ရောဂါတွေကို ခံစားနေရတာကြောင့်ပါ။ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

 

အဖျားက အချိန်ကြာတဲ့အထိ မသက်သာလာဘူး

အဖျားကတော်တော်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဗိုင်းရပ်စ်တစ်မျိုးမျိုး ကူးစက်ခံရတာကြောင့်ပါ။ ဒီလိုအနေအထားမျိုးက ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ လိုပါလိမ့်မယ်။

 

အစားအစာတွေမျိုချရခက်လာမယ်

ဒါက ပုံမှန်တော့မဟုတ်ပါဘူး။ လည်ချောင်းနာနေတာကြောင့် စားရသောက်ရတာ နည်းနည်းအခက်အခဲ ရှိနိ်ုင်ပေမယ့် ပုံမှန်ထက်နာကျင်လာပြီး အစားအစာတွေကိုပါ မျိုချရခက်လာမယ်ဆိုရင်တော့ ပြင်းထန်တဲ့ ရောဂါပိုး ကူးစက်ခံထားရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

 

ချောင်းဆိုးတာရှည်မယ်

ချောင်းဆိုးတာက တစ်ပတ်၊ နှစ်ပတ်ကျော်တဲ့အထိကြာမြင့်နေပြီး သက်သာလာတာမျိုး မရှိဘူး ဆိုရင်  ကြက်ညှာချောင်းဆိုးဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးအရမ်းတာရှည်တာက အဖျားကြောင့် ဆိုတာထက် ရောဂါပိုးတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်တာပါ။ ဒါကြောင့် တတ်ကျွမ်းနားလည်သူနဲ့ ပြသကြည့်ဖို့ ပြောပါရစေ။

 

နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာက တော်တော်နဲ့မသက်သာဘူး

အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာက အဖျားကျသွားချိန်မှာ သက်သာသွား တတ်ပြီး တော်တော်နဲ့ မသက်သာဘူးဆိုရင်တော့ နောက်ထပ်ကုသမှုတွေခံယူဖို့ လိုအပ်နေတာဖြစ်ပြီး နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးသွားရောက်ပြသဖို့လိုအပ်ပါမယ်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"