တူညီသောပန်းတိုင်ဆီသို့ တတ်ကျွမ်းမှု မူဘောင်ဖြင့် အရောက်လှမ်းခြင်း

mdn

သတင်းဆောင်းပါး - ဒေါက်တာဇင်မာကျော်

 

အမုန်းစကား၊ အစွန်းရောက်ဝါဒ၊ လုပ်ကြံသတင်းနှင့် သတင်းမှားများသည် ကမ္ဘာနှင့်အဝှမ်း ကပ်ဘေးသဖွယ် ပျံ့နှံ့နေသည့် သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု၏ တွေ့ရအများဆုံးသောပုံစံများ ဖြစ်ကြသည်။ ယင်းတို့ကို ဖေ့စ်ဘွတ်၊ တွစ်တာအစရှိသည့် ဆိုရှယ်မီဒီယာ၊ လူမှု ကွန်ရက်တို့တွင် တွေ့မြင်နေကြရသောကြောင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမြှင့်တင်ရေးလုပ်ငန်း (Media and Information Literacy - MIL) သည် အလေးထားဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ် ကမ္ဘာ့ နိုင်ငံအသီးသီးက အသိအမှတ်ပြုကာ ဆောင်ရွက် နေကြသည်။ မြန်မာနိုင်ငံတွင်လည်း MIL ပညာပေးလုပ်ငန်းများ ကို အစိုးရဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။

 

လက်ရှိမြန်မာနိုင်ငံတွင် MIL ဆိုင်ရာ စွမ်းရည်မြှင့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော အစိုးရဌာနများအနက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် တို့ပါဝင်ပြီး အစိုးရမဟုတ်သောအဖွဲ့အစည်းများတွင် Myanmar Book Aid and Preservation Foundation (MBAPF)၊ Myanmar ICT for Development Organization (MIDO) နှင့် ဖန်တီးရာ (Phandeeyar)တို့ ပါဝင်သည်။ ဤလုပ်ငန်းအများစုကို DW Akademie, International Media Support နှင့် USAID တို့က အထောက်အပံ့များ ပေးခဲ့ကြသလို နိုင်ငံတကာအစိုးရများ ကလည်း MIL အစီအစဉ်များကို ထောက်ပံ့ပေးခဲ့ကြ သည်။

 

MIL အသိပညာပေးလုပ်ငန်းများလုပ်ဆောင်ကြ ခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာနှင့်အဝှမ်း ဆိုရှယ်မီဒီယာ အသုံးပြုမှု တစ်ဟုန်ထိုးတိုးတက်လာခြင်းနှင့်အတူ ဒွန်တွဲပါလာသည့် အမုန်းစကားများနှင့် သတင်းအတုများ ပျံ့နှံ့မှုကို သတင်းသုံးစွဲသူပြည်သူများ သတိပြု ဆင်ခြင် နိုင်မည့် အင်တာနက်နှင့် အင်တာနက်ပြင်ပ ရေတို၊ ရေရှည်နည်းလမ်းများကို မျှဝေလက်ဆင့်ကမ်းကြခြင်း ဖြစ်သည်။

 

MIL ဆိုသည်မှာ နိုင်ငံသားများက သတင်းအချက် အလက်နှင့် မီဒီယာအကြောင်းအရာ ပုံစံအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် လက်လှမ်းမီရယူခြင်း၊ ရှာဖွေခြင်း၊ နားလည်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ဝေဖန်သုံးသပ်မှုရှိစွာ ကျင့်ဝတ်ညီစွာ၊ ထိရောက်စွာဆောင်ရွက်ခြင်းအားဖြင့် ပုဂ္ဂလိကဘဝ၊ လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်းရေးရာများတွင် ပါဝင်နိုင်စေရန် ထောက်ပံ့ပေးသော တတ်ကျွမ်းမှုအစုအဝေးကိုခေါ်သည်။

 

မူဘောင်တစ်ရပ် လိုအပ်

 

ပညာပေးလုပ်ငန်းများတွင် ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ နှင့် ကိုက်ညီမည့် အကြောင်းအရာအပြင် ဦးတည်ပရိသတ် က သိလိုစိတ်မြင့်မားသည့် အကြောင်းအရာနှင့် သိရှိရန် လိုအပ်ချက်မြင့်မားနေသည့် အဓိကအကြောင်းအရာ များကို ပြည့်စုံအောင်ထည့်သွင်းပေးကြရသည်။ ကဏ္ဍစုံမှ အဖွဲ့ အစည်းများက MIL လုပ်ငန်းများကို တက်ညီလက်ညီ လုပ်ဆောင်လာကြသောအခါ MIL ဆိုင်ရာ သိနားလည် ခြင်းအတွက် ပညာပေးလုပ်ငန်းဆောင်ရွက်မည့်သူများ လက်ကိုင်ထားသင့်သည့် “ဘုံ”စံနှုန်းသတ်မှတ်ချက်များနှင့် တတ်ကျွမ်းရမည့်အချက်များ ပြဋ္ဌာန်းထားသည့် မူဘောင် တစ်ရပ် လိုအပ်လာခဲ့သည်။

 

စွမ်းဆောင်ရည်စံနှုန်းများ

 

ယူနက်စကိုမြန်မာရုံးက MIL အသိပညာမြှင့်တင် သည့် လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစတင် ကာ စဉ်ဆက်မပြတ်ဆောင်ရွက်ရင်း ၂၀၁၉ ခုနှစ် မေလနှင့် ဇူလိုင်လတွင် ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲများ၏ ရလဒ်များကို ထည့်သွင်းကာ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ လတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း မူဘောင်တစ်ခုကို ရေးဆွဲထုတ်ဝေနိုင်ခဲ့ပါသည်။ အဆိုပါ မူဘောင်သည် “ကျောင်းတွင်း ပညာရေးနှင့် ကျောင်းပြင်ပပညာရေး”တွင် MIL အသိပညာပေးလုပ်ငန်းကို လုပ်ဆောင်ကြသူများ သိထားသင့်သည့် ဦးစားပေးလုပ်ဆောင်ရမည့် တတ်ကျွမ်းမှု အစိတ်အပိုင်းများနှင့် ဦးတည်သင့်သည့် စွမ်းဆောင်ရည်စံနှုန်းများကို သတ်မှတ် ဖော်ပြပါရှိသည်။

 

MIL ဂေဟစနစ်အစိတ်အပိုင်းများကို နိုင်ငံတကာတွင် ချမှတ်ထားသော သတ်မှတ်ချက်များမှ ထုတ်နုတ်ပြီး  အထူးသဖြင့် ယူနက်စကိုကကူညီဦးဆောင်သတ်မှတ်ပေးပါ သည်။ ယူနက်စကို၏ MIL ဂေဟစနစ်တွင် အစိတ်အပိုင်း  ၁၂ ခုဖြစ်ပြီး သတင်းအချက်အလက်ဆိုင်ရာ၊ စာကြည့်တိုက်  ဆိုင်ရာ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် သတင်းလွတ်လပ်ခွင့် ဆိုင်ရာ၊ ဒစ်ဂျစ်တယ်ဆိုင်ရာ၊ ကွန်ပျူတာဆိုင်ရာ၊ အင်တာနက်ဆိုင်ရာ၊ ကစားနည်းဆိုင်ရာ၊ ရုပ်ရှင်ဆိုင်ရာ၊ မော်ကွန်းမှတ်တမ်းဆိုင်ရာ၊ သတင်းဆိုင်ရာ၊ ကြော်ငြာဆိုင်ရာ၊ မီဒီယာဆိုင်ရာသိနားလည်မှုတို့ ပါဝင်သည်။

 

မြန်မာနိုင်ငံအတွက် ရေးဆွဲထားသည့် မူဘောင်တွင် MIL ဂေဟစနစ်၏ အစိတ်အပိုင်း ကိုးခုကို ဦးစားပေး ရွေးချယ်ထားသည်။ မြန်မာနိုင်ငံရှိ ပြည့်စုံသောMIL ဂေဟ စနစ်အစိတ်အပိုင်း ကိုးခုမှာ မီဒီယာဆိုင်ရာ သိနားလည်မှု၊ လူမှုမီဒီယာဆိုင်ရာသိနားလည်မှု၊ သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု၊ သတင်းဆိုင်ရာသိနားလည်မှု၊ ဒစ်ဂျစ် တယ်ဆိုင်ရာသိနားလည်မှု၊ အင်တာနက်ဆိုင်ရာ သိနား လည်မှု၊ ကွန်ပျူတာဆိုင်ရာသိနားလည်မှု၊ စာကြည့်တိုက် ဆိုင်ရာသိနားလည်မှုနှင့် အွန်လိုင်းဂိမ်းဆိုင်ရာ သိနားလည် မှုတို့ဖြစ်ပါသည်။ တတ်ကျွမ်းမှုတစ်ခုချင်းစီအတွက် ဆက်စပ်ပတ်သက်သော စွမ်းဆောင်ရည်စံနှုန်းများ ရှိကြ ပါသည်။ ယင်းမူဘောင်တွင် တတ်ကျွမ်းမှုကိုးခုအတွက် အခြေခံစွမ်းဆောင်ရည်စံနှုန်း ၇၆ ခုနှင့် အဆင့်မြင့် စွမ်းဆောင်ရည်စံနှုန်း ၁၀၄ ခုကို ဖော်ပြထားပါသည်။

 

MIL ဂေဟစနစ်မှ ထပ်မံရွေးထုတ်ထားသော မြန်မာ နိုင်ငံအတွက် ဦးစားပေးအစိတ်အပိုင်း ငါးခုမှာ မီဒီယာ ဆိုင်ရာသိနားလည်မှု၊ လူမှုမီဒီယာဆိုင်ရာသိနားလည်မှု၊ သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု၊ သတင်း ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှု တို့ဖြစ်ကြသည်။ မျက်မှောက်ကာလတွင် လူငယ်များ နှင့် လူလတ်ပိုင်းများသည် သတင်းအချက်အလက်ရယူမှု၊ သတင်းစားသုံးမှု၊ မီဒီယာသုံးစွဲမှုအားလုံးကို စမတ် ဖုန်းများကို ကြားခံပြုကာ အွန်လိုင်းကို အခြေပြု၍ လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှတစ်ဆင့် ရယူလျက်ရှိကြသည်။ ထို့ကြောင့် အထူးဆက်နွယ်နေသည့် ထိုဂေဟစနစ် ငါးခုသည် မြန်မာနိုင်ငံတွင် ဦးစားပေးလုပ်ဆောင်သင့်သော ကဏ္ဍများ ဖြစ်သည်မှာ အထင်အရှားပင်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဆိုရှယ်မီဒီ ယာအသုံးပြုသူပေါင်း ၂၈ သန်းကျော်အထိ ရှိနေပြီ ဖြစ်သည်။ ဖေ့စ်ဘွတ်လူမှုမီဒီယာသည် သတင်းအတု၊ သတင်းအမှား၊ လုပ်ကြံသတင်းစသည့် သတင်းဖရိုဖရဲ ဖြစ်မှုကို ဖြန့်ကြက်ရာတွင် အားအကောင်းဆုံးသော အဓိကလမ်းကြောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် လူငယ်များအား သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှုကို ရှေ့တန်းမှ ကာကွယ်နိုင်သော ရေရှည်အတည်တံ့ဆုံးဖြစ် သည့် ယန္တရားတစ်ခုအဖြစ် သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာသိနားလည်မှုများရှိအောင် သင်ကြားပေးသင့်သည်။

 

အဆင့်မြင့်သိနားလည်မှုများ

 

MIL၏ စံနှုန်းများသည် လူ့အခွင့်အရေး၊ လွတ်လပ် စွာထုတ်ဖော်ခွင့်နှင့် သတင်းအချက်အလက်လွတ်လပ်ခွင့်၊ ယဉ်ကျေးမှုစုံနှင့် ဘာသာပေါင်းစုံစုစည်းညီညွတ်မှုရှိ ခြင်း၊ ပြန်လည်သင့်မြတ်ရေးနှင့် လူမှုသဟဇာတဖြစ်ခြင်း၊ လိင်ဝိသေသခံယူမှု အမျိုးမျိုးအကြား တန်းတူညီမျှမှုနှင့် သာတူညီမျှမှု၊ လွတ်လပ်မှုနှင့်တာဝန်ယူမှုအကြား ဘက်မျှမှုနှင့် ဗဟုဝါဒနှင့်မတူကွဲပြားစုံလင်မှုများအပေါ် သိနားလည်ရေးများကို အခြေခံထားပါသည်။ MIL တတ်ကျွမ်းသူများသည် ယင်းစံနှုန်းများကို အခြေခံ သိနားလည်မှုမှစတင်ကာ အဆင့်မြင့်သိနားလည်မှု များအထိ ရရှိနိုင်ပေမည်။

 

MIL တတ်ကျွမ်းမှုများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် - ၁၆ (Sustainable Development Goal -16) ဖြစ်သည့် တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် အားလုံးပါဝင်နိုင်မှုရှိသော လူ့အဖွဲ့အစည်းများမြှင့်တင်ခြင်းကို ပေါက်မြောက် ရရှိအောင် တက်ကြွစွာပါဝင်နိုင်စွမ်းများ လူတစ်ဦးချင်းစီတွင် ရှိလာစေရန် အထောက်အကူပေး ပါလိမ့်မည်။ ပညာပေးလုပ်ငန်းဆောင်ရွက်ကြမည့် တစ်ဦးတစ်ယောက် ချင်းမှစ၍ အဖွဲ့အစည်းများအသီးသီး တို့သည် “မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း တတ်ကျွမ်းမှုမူဘောင်”ကို လက်ကိုင် ထားကာ ဆောင်ရွက်ကြမည်ဆိုလျှင် အားလုံးရည်မှန်းသည့် တူညီသော ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ကြ မည်ဟု ယုံကြည် ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ ။

 

ကိုးကား - Towards a Media and Information Literacy Framework in Myanmar, UNESCO