တယ်လီနော လူငယ်ဖိုရမ်အတွက် မြန်မာလူငယ်များ စတင်လျှောက်ထားနိုင်

ရန်ကုန် ၁၇ မေ

 

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည့် တယ်လီနောလူငယ်ဖိုရမ် (TYF) တွင် ပါဝင်လိုသူ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ လူငယ်များ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူသည် အသက် (၂၀) မှ (၂၈) နှစ် အတွင်းရှိပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်ရမည်ဖြစ်ကာ ပညာအရည်အချင်းအနေဖြင့် တက္ကသိုလ်တက်ရောက်ဆဲ သို့မဟုတ် ပြီးဆုံးထားသူ ဖြစ်ရမည် ဖြစ်သည်။ လျှောက်လွှာများကို မေ ၁၅ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

တယ်လီနောလူငယ်ဖိုရမ်သည် တယ်လီနောလုပ်ငန်းစု နှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာ ((NPC) တို့ ပူးပေါင်းစီစဉ်သည့် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ယခင် ကျင်းပပြီးစီးခဲ့သည့် TYF ဖိုရမ် ငါးကြိမ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပါဝင်ခဲ့သူ လူငယ်ရှစ်ဦးရှိခဲ့သည်။

 

“ တယ်လီနော လူငယ်ဖိုရမ်က လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကို ဦးဆောင်ဖို့ စိတ်အားထက်သန်တဲ့ ထူးချွန်လူငယ်တွေကို မွေးထုတ်ပေးတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ် တယ်လီနောအနေနဲ့ မြန်မာလူငယ်တွေကို ဒီဖိုရမ်ကိုတက်ရောက်ဖို့ တိုက်တွန်းလိုပါတယ်၊ တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ဖို့ ဒီဖိုရမ်ကို တက်ရောက်ပြီး အစွမ်းအစတွေ ထုတ်ပြကြနိုင်ဖို့ လျှောက်ထားကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားခဲ့ကြောင်း သိရသည်။

 

တယ်လီနော လူငယ်ဖိုရမ်တက်ရောက်သူများသည် ဖိုရမ်နှင့်ပတ်သက်၍ တစ်နှစ်ကြာ အချိန်ပေးရန်လိုအပ် မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အော်စလိုမြို့နှင့် ၂၀၁၉ ခုနှစ် မေလတွင် ဗန်ကောက်မြို့တို့၌ အသီးသီး ကျင်းပမည့် ဆွေးနွေးလုပ်ဆောင်မှုများအား စရိတ်ငြိမ်း သွားရောက်ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ ချင်းစီ အတွက် ဒီဇင်ဘာလအတွင်း အော်စလိုမြို့တွင် အစီအစဉ် စတင်ကျင်းပချိန်၌ အဖွဲ့လိုက် ခေါင်းစဉ်များ သတ်မှတ်ပေး ထားမည်ဖြစ်ပြီး အဆိုပါ လူမှုရေးစိန်ခေါ်မှုများအား ဖြေရှင်းပေးနိုင်မည့် ဒစ်ဂျစ်တယ် နည်းလမ်းများအား အဖွဲ့လိုက် ပူးပေါင်းအဖြေရှာ ဖော်ထုတ်ရမည်ဖြစ်သည်။

 

အစီအစဉ်တစ်လျှောက်တွင် တယ်လီနောအုပ်စုမှ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လူငယ်များကို ညွှန်ကြားသင်ပြပေးခြင်းများ ပြုလုပ်ပေးမည်ဖြစ်သည်။  TYF အစီအစဉ်တစ်ခုလုံးတွင် သင်ပြပေးသူများက လူငယ်များ ကို လက်တွေ့လုပ်ငန်းဆောင်ရွက်ခြင်းမှ ရရှိသည့် အတွေ့ အကြုံများကို မျှဝေပေးရုံသာမက Service Design? Prototyping? Presenting? Exhibiting နှင့် Pitching စသည့် လက်ရှိ ကမ္ဘာတွင်ကျင့်သုံးနေသည့် ပညာရပ်များကို သင်ကြားပြသပေးကြမည်ဖြစ်သည်။၂၀၁၇ ခုနှစ် TYF တွင်ပါဝင်သည့် လူငယ်များသည် အွန်လိုင်း လုံခြုံရေး၊ ဒစ်ဂျစ်တယ်သက်သေခံ ID၊ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်ရေးနှင့် လူမှုပတ်ဝန်းကျင် ကောင်းမွန်ရေးအတွက် Big Data ကို အသုံးပြုမှု စသည့်အကြောင်းအရာများကို ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဖွဲ့ငယ်များသည် ၎င်းတို့ လုပ်ငန်းစဉ်များ၏ ထက်ဝက်ပြီးစီးနေပြီဖြစ်၍ လုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် ယခုလတွင် ဗန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ ထို့နောက် ၎င်းတို့ဆောင်ရွက်နေသည့် ပရောဂျက်များကို နိုဘယ်ငြိမ်းချမ်းရေးစင်တာတွင် ခင်းကျင်းပြသသွားမည် ဖြစ်သည်ဟု ဆိုသည်။

 

တယ်လီနောလူငယ်ဖိုရမ် တစ်ခုပြီးဆုံးသည့်အခါတိုင်း အနိုင်ရရှိသည့်အဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်နိုင်ရန် နော်ဝေနိုင်ငံ သုံး ငွေကြေး ခရိုနာ ၁ သိန်း (ကန်ဒေါ်လာ ၁၅၀ဝဝ) အား ရင်းနှီးမတည်ငွေအဖြစ် တယ်လီနောက ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ALEX