UBER အလိုအလျောက် မောင်းနှင်တဲ့ကားနဲ့ တိုက်မိလို့ ခြေလျင်လျှောက် လမ်းသွားလမ်းလာ တစ်ဦး သေဆုံး

အရီဇိုးနား ၂၀ မတ်

 

အူဘာ (Uber) ကုမ္ပဏီထုတ် အလိုအလျောက် မောင်းနှင်တဲ့ ကားတစ်စီးဟာ အမေရိကန်ပြည်ထောင်စု အရီဇိုးနားမှာ ခြေကျင်လျှောက်လာတဲ့ လမ်းသွားလမ်းလာ တစ်ဦးကို တိုက်မိခဲ့တဲ့အတွက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

 

အလိုအလျောက် မောင်းနှင်တဲ့ ကားတိုက်မိမှုကြောင့် လမ်းသွားလမ်းလာ တစ်ဦး သေဆုံးရတာ နိုင်ငံတွင်းမှာ ပထမအကြိမ် ဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ တနဂငေ်္နွနေ့ညက ဖီးနစ်ဆင်ခြေဖုံး ရပ်ကွက်ရှိ လမ်းတစ်လမ်းပေါ်မှာ ဖြတ်သွားတဲ့ အမျိုးသမီးတစ်ဦးကို အူဘာယာဉ်ကနေ တိုက်မိခဲ့တာဖြစ်ကြောင်း အရီဇိုးနား ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ကားမှာပါရှိတဲ့ ထိန်းချုပ်တဲ့ စနစ်ကို ကြည့်နေတဲ့လူ ရှိနေတယ်လို့လည်း သိရပါတယ်။

 

မတော်တဆမှု ဖြစ်ပွားခဲ့ရတဲ့အတွက် အူဘာဘက်မှ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး အာဏာပိုင်တွေနဲ့ အတူ ပူးပေါင်းဖြေရှင်း သွားပါမယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် မြောက်အမေရိကမှာ လူသွားလမ်းမတွေပေါ်မှာ အလိုအလျောက် မောင်းနှင်တဲ့ယာဉ် စမ်းသပ်မောင်းနှင်ခြင်းကိုလည်း ရပ်ဆိုင်းထားမယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။

 

ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးသူတွေ စေလွှတ်ပြီး အတည်ပြုသွားမှာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသား လမ်းပန်းဆက်သွယ်မှု လုံခြုံရေးအဖွဲ့မှ ကြေညာထားပါတယ်။ အရီဇိုးနားမှာ အလိုအလျောက် မောင်းနှင်တဲ့ ယာဉ်တွေအတွက် ဥပဒေ ချမှတ်ထားခြင်းလည်း မရှိသေးသလို သာမန်ယာဉ်တွေ အတိုင်းပဲ လမ်းမတွေပေါ်မှာ သွားလာမောင်းနှင်နိုင်ကြောင်း သိရပါတယ်။

 

ပြည်နယ်အတွင်းမှာ အလိုအလျောက် မောင်းနှင်တဲ့ကားတွေကို ကုမ္ပဏီပေါင်းများစွာက အဆင့်ဆင့် တိုးမြှင့် စမ်းသပ်မှုတွေကိုလည်း ပြုလုပ်နေကြပါတယ်။ ကုမ္ပဏီတွေထဲမှာ ဂူဂဲလ်ရဲ့ ပင်မကုမ္ပဏီကြီးဖြစ်တဲ့ အယ်လ်ဖာဘတ် လက်အောက်ခံ ဝေမိုကုမ္ပဏီလည်း ပါဝင်ပါတယ်။

 

(MDN)
ကိုးကား-အင်န်အိတ်ချ်ကေ