ဥပဒေဟာ ပြည်သူတွေကာကွယ်ဖို့၊ လူ့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ဆိုတာ အများနားလည်အောင် တကယ်ပဲ လက်တွေ့ကျကျ မြင်ရအောင် လုပ်ရမည်

နေပြည်တော် ၁၀ ဧပြီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံ ပြည်သူများစကားဝိုင်း (PEACE TALK)ကို တက်ရောက်ပြီး ပြည်သူများနှင့်အတူ ပါဝင်ဆွေးနွေးကြသည်။

အဆိုပါစကားဝိုင်းသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးသန့်စင်မောင်၊ ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် ဦးကျော်လင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စကားဝိုင်းတွင်ပါဝင်သည့် ဒေသခံလူငယ်များက တစ်ဦးချင်းအလိုက် မိတ်ဆက်စကားပြောကြားပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့နယ် ပြည်သူများအား နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ဒီစကားဝိုင်းကို ရောက်ရှိလာတဲ့ မြောင်းမြသူ၊ မြောင်းမြသား အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ဒီမှာဆိုရင် တိုင်းရင်းသား အမျိုးမျိုးပါတယ်လို့ ဆိုရမှာပါ။ ဧရာဝတီတိုင်းမှာ မြောင်းမြကို လာရခြင်းရဲ့ အကြောင်းကတော့ တစ်ကြောင်းက မြောင်းမြတံတားနဲ့ ပတ်သက်လို့လည်း ကြည့်ဖို့ရှိလို့ရယ်၊ ကျွန်မတို့ အနေနဲ့ ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ အချိန်ကလည်း ကျနေပြီ။

အရင် နှစ်လ၊ သုံးလက အခြားအလုပ်တွေ ရှိနေတာကြောင့်မို့ ပျက်သွားတယ်။ အဲဒါကြောင့်မို့ မြောင်းမြကို လာခဲ့တာပါ။ မြောင်းမြဟာ မေမေရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေလည်းဖြစ်တယ်။ ကျွန်မတို့ အမျိုးချည်းပဲလို့ ဒီလိုပဲ သတ်မှတ်ရမှာပါ။ မြောင်းမြဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာဖြစ်လို့ အရေးကြီးလဲဆိုတော့ တစ်ချိန်တစ်ခါတုန်းက ဧရာဝတီတိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေရှိခဲ့တယ်။

အခုတော့ ဧရာဝတီတိုင်းမှာ ဒီပဋိပက္ခတွေဟာ ချုပ်ငြိမ်းသွားပါပြီ။ ချုပ်ငြိမ်းသွားပေမယ့်လည်း ဒီသမိုင်းကို မမေ့မယ့် မြောင်းမြမြို့သူမြို့သားတွေရှိမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးရဲ့ အရေးပါမှု၊ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုဝိုင်းဝန်းပြီး ကူညီရမယ်ဆိုတာတွေ၊ ဒီအချက်တွေကို ဆွေးနွေးချင်လို့ ကျွန်မတို့က ဒီငြိမ်းချမ်းရေးစကားဝိုင်းတွေကို လုပ်တာပါ။ တစ်ချို့တိုင်းတွေမှာ ဥပမာဆိုရင် တစ်ခါကငြိမ်းချမ်းရေးစကားဝိုင်းမှာဆိုရင် မန္တလေးတိုင်းက လူငယ်တွေပါတယ်။ အဲဒီလူငယ်တွေက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ကျွန်မလည်း ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာကို သဘောကျတယ်။ သူတို့တိုင်းဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်မဆိုင်ခဲ့ရတဲ့အခါကျတော့ သိပ်နားမလည်ဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့စိတ်မဝင်စားဘူး။ သူတို့ကို ထိခိုက်မှု မရှိလို့။

အဲဒီတော့ ဒီလိုစိတ်ထားလို့လည်း မဖြစ်ဘူး။ ကျွန်မကတော့ ရှင်းပြတယ်။ ကိုယ့်ကိုယ်ခန္ဓာတွေမှာ လက်သန်းလေး နာနေရင်တောင် နာနေတာပဲ။ အေးအေးဆေးဆေး မနေနိုင်ဘူး။ ညမှာ အိပ်ပျက်တယ်။ ဒီလက်သန်းလေးတစ်ချောင်း ကိုက်နေလို့ ရှိနေရင်တောင်မှ ကောင်းကောင်းအိပ်လို့ မရဘူး။ အသွားအလာ၊ အလုပ်လုပ်ရတာ အထစ်အငေါ့တွေများတယ်။

ဒီလိုပါပဲ ကိုယ့်နိုင်ငံရဲ့ တစ်နေရာမှာ မငြိမ်းအေးဘူးဆိုလို့ရှိရင် တစ်တိုင်းပြည်လုံးအတွက် အကျိုးသက်ရောက်မှုရှိတယ်။ ဆိုးကျိုး သက်ရောက်မှုရှိတာပေါ့။ ဒါ့ကြောင့် ငြိမ်းချမ်းရေးရဖို့၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ ဒီလိုဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ကျွန်မတို့ နိုင်ငံဟာ ဘာဖြစ်လို့ ငြိမ်းချမ်းရေး မရသေးသလဲဆိုတာကို တစ်ယောက်ချင်း တစ်ယောက်ချင်းက လေးလေးနက်နက် စဉ်းစားစေချင်တယ်။ နောက်ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမယ်။ တစ်နေရာနဲ့ တစ်နေရာမတူဘူး။ ပြဿနာတစ်ခုနဲ့ တစ်ခုမတူဘူး။ လူတစ်ယောက်ချင်းနဲ့ တစ်ယောက်ချင်းမှာကို မတူတာ။ လူတစ်ယောက်ချင်းနဲ့ တစ်ယောက်ချင်းမှာ မတူဘူးဆိုတော့ ပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်းကို ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်လာအောင် ဆွဲဆောင်ရတာ၊ စည်းရုံးရတာဆိုတာလည်း ပုံစံက တစ်ယောက်နဲ့ တစ်ယောက်နဲ့ တူနိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် ကျွန်မတို့ အားလုံးဝိုင်းစဉ်းစားပြီး စုပေါင်းအင်အားနဲ့လုပ်မှ အောင်မြင်မယ်လို့ ယုံကြည်တယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ မငြိမ်းချမ်းလို့ မရဘူး။ တစ်ခဏတော့ရမယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆက်လက်ပြီးတော့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တည်တံ့ခိုင်မြဲနိုင်မှာမဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားလို့ မရဘူး။

တစ်ခါတစ်လေ ငြိမ်းချမ်းရေး ပျက်စီးရတဲ့ အကြောင်းအရင်းဟာ ပြည်သူလူထုရဲ့ ဆင်းရဲမှုကြောင့်၊ စီးပွားရေးနဲ့ ပတ်သက်လို့ ဒုက္ခတွေကြောင့် ဒီဟာတွေကို ပြည်သူလူထုက မကျေနပ်လို့၊ မခံနိုင်လို့ ငြိမ်းချမ်းရေး ပျက်စီးတာတွေလည်းရှိတယ်။ ဒီတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘယ်လိုမှ မခွဲနိုင်တဲ့ကိစ္စနှစ်ခုပဲ။ ဒါကို ကျွန်မတို့ အမြဲပဲနှလုံးသွင်းရမယ်။ 

တစ်ချို့တွေက ကိုယ့်ရဲ့ဒေသ၊ ဒေသတောင် မဟုတ်ဘူး။ ကိုယ့်ရဲ့တိုင်းပြည်နဲ့ တောင်မဟုတ်ဘူး။ ကိုယ့်ရဲ့မြို့နယ်လေးမှာ တိုးတက်ဖို့ကိုပဲ အဓိကကြည့်တယ်။ အဲဒီအပြင်ကို လှမ်းမကြည့်ဘူး။ ဒီလိုလုပ်လို့လည်း မရဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ မြို့နယ်တိုးတက်ဖို့လည်း ကြည့်ရမယ်၊ ကိုယ့်ရဲ့ အိမ်မှာလိုပေါ့။ ကိုယ့်မိသားစုအတွင်းမှာ အေးချမ်းမှု မရှိရင်၊ ကိုယ့်မိသားစုအတွင်းမှာ ပြည့်စုံမှုမရှိရင် ရပ်ကွက်မှာ ဘယ်လိုပဲ စိတ်ချမ်းသာနေပါစေ၊ ကိုယ်က စိတ်မချမ်းသာဘူး။

သို့သော်လည်း ကိုယ်တစ်ယောက်တည်း၊ ကိုယ့်ရဲ့အိမ်လေး တစ်အိမ်ထဲ၊ မိသားစု တစ်စုထဲက အဆင်ပြေပြီးတော့ ကိုယ့်ဘေးက ရပ်ကွက်က ဆင်းရဲနေရင်လည်း နေရထိုင်ရတာ မကောင်းဘူး။ လမ်းထွက်တာနဲ့ ကိုယ်ရဲ့ အိမ်နီးနားချင်းတွေရဲ့ ဒုက္ခတွေကို ကိုယ်မြင်နေရတာပဲ။ မြင်နေရတာဆိုတော့ စိတ်ချမ်းသာ စရာမရှိဘူး။ ဒါကြောင့်မို့ ကိုယ့်အပူဟာ ကိုယ့်တစ်ယောက်တည်းအတွက်လည်း မဟုတ်ဘူး၊ တစ်နိုင်ငံလုံးအတွက်၊ တစ်နိုင်ငံလုံးက အပူဆိုတာလည်း ကိုယ့်အပူဆိုပြီးတော့ ဒီလိုပဲ စဉ်းစားသလို အားလုံးအေးချမ်းပြီဆိုရင် ကိုယ်လည်း ပိုပြီးတော့ အေးချမ်းရတယ်။ ကိုယ်အေးချမ်းတာလည်း သူများတွေနဲ့ မျှဝေပြီးတော့ အများကို အေးချမ်းမှုပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးစေချင်ပါတယ်”ဟု ပြောကြားသည်။

ဦးစိုးလှိုင်ဦး

ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း

စေတနာကောင်း စေတနာမှန်ဖို့ အဓိကလိုအပ်တယ်လို့ ထင်ပါကြောင်း၊ မိမိလုပ်ကိုင်တဲ့ ကွန်ပျူတာလုပ်ငန်းနဲ့လည်း တစ်ဖက်တစ်လမ်းမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်လို့ရပါကြောင်း၊ 

အမုန်းတရားတစ်ခုပဲဖြစ်ဖြစ် ဖြစ်တည်လာတဲ့ အကြောင်းခြင်းရာ တစ်ခုအပေါ်မှာ ဆက်စပ်တွေးခေါ်ပြီး စဉ်းစားဆုံးဖြတ်တဲ့ စေတနာကောင်းနဲ့မှန်မှန် ကန်ကန်ဆုံးဖြတ်တတ်ဖို့ အဓိကကျပါကြောင်း၊ အဲဒီအဓိကအပေါ်မှာပဲ အားလုံးဟာ တစ်ဖက်ကို တစ်ခုခုလုပ်ခဲ့လို့ရှိရင် ကိုယ့်ကိုရော အဲဒီလိုပြန်လုပ်ရင် ကျေနပ်ပါ့မလား။ မိသားစုအတွင်းမှာဖြစ်ဖြစ် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်မခံစား ချင်တဲ့ကိစ္စကို တစ်ခြားသူ တစ်ယောက်ကိုလည်းမခံစားစေချင်တဲ့စိတ်နဲ့ ပြုမူ ဆက်ဆံမယ်ဆိုရင်တော့ အမုန်းတရား စကားတွေကင်းလိမ့်မယ်ထင်ပါကြောင်း။

မှန်တာပြောရရင်သင်ကြားခဲ့တဲ့ဘာသာရပ်နဲ့ ပတ်သက်ပြီး မိမိဘဝမှာ ပြန်အသုံးချရတာမရှိပါကြောင်း၊ ပညာရပ်အနေနဲ့ မပြည့်စုံတဲ့အတွက် ကျောင်းမှာရှိတဲ့ စာကြည့်တိုက်မှာ နိုင်ငံခြားကနေ ထုတ်တဲ့ စာအုပ်တွေကို ဖတ်ရပါကြောင်း၊ ဖတ်တဲ့အခါ သေသေချာချာ မဖတ်တတ်ပါကြောင်း၊ သိတဲ့သူ တွေကိုဘာသာ ပြန်ခိုင်းရတာတွေရှိသလို ဆရာမ တွေကို အကူအညီတောင်းရတာတွေ ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ဒေါ်နမ့်ရီစိုင်းနာ

(Accounting Supervisor, Eskkal Hotel)

မိမိအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးက အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းမှလည်း ပြည်သူတွေဘဝ ငြိမ်းချမ်း၊ တိုးတက်မည်ဖြစ်ပါကြောင်း၊ ဒီလိုငြိမ်းချမ်းမှလည်း ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အစစအရာရာ တိုးတက်မှာ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကို အဓိက လိုအပ်တယ်လို့ ထင်မြင်မိပါကြောင်း၊ ဒီလိုငြိမ်းချမ်းရေးကို ပြောလိုက်တဲ့အချိန်မှာ မိမိမြင်ကွင်းတစ်ခု မြင်ယောင်လာပါကြောင်း၊ စစ်မြေပြင် တိုက်ပွဲကြားထဲမှာ ယမ်းငွေ့တွေကြားမှာ ပြေးလွှားနေရတဲ့ ဒုက္ခသည်တွေရှိပါကြောင်း၊ ဒီမြင်ကွင်းကို မိမိတို့ပြည်သူတွေအနေနဲ့ မြင်တော့မြင် နေပေမယ့် ဘာမှလုပ်လို့မရပါကြောင်း၊ သေချာတာတစ်ခုကတော့ မိမိတို့ ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာ ဒီလိုမျိုးစစ်မက်ဖြစ်ပွားခြင်း၊ မငြိမ်းချမ်းခြင်းကိုတော့ အားလုံးက မလိုလားဘူးဆိုတာတော့ သေချာပါကြောင်း။

နောက်တစ်ခုက မိမိတို့ရဲ့ အသိုင်းအဝိုင်းထဲမှာပဲ မိသားစုမှာပဲဖြစ်ဖြစ်၊ ရပ်ကွက်မှာပဲဖြစ်ဖြစ်၊ မြို့နယ်ဒေသမှာပဲဖြစ်ဖြစ် မငြိမ်းချမ်းတဲ့အရာတွေ ဥပမာ ကလေးငယ်တွေဟာ ကျောင်းနေရမယ့်အချိန်မှာ ကျောင်းမနေနိုင်၊ ဝမ်းစာအတွက်ဆိုပြီး အသက်အရွယ်နဲ့မလိုက် စားပွဲထိုးလုပ်ရတာရှိပါကြောင်း၊ ကွမ်းယာ၊ ဆေးလိပ်ရောင်း ရတာရှိကြောင်း၊ ဒါဟာ သူတို့အတွက် မငြိမ်းချမ်းမှုတစ်ခုပင်ဖြစ်ပါကြောင်း၊ နောက်တစ်ခုက လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ဝမ်းစာအတွက် အလုပ်လုပ်တဲ့အခါမှာ အားလုံးကတော့ ကိုယ့်ရဲ့ဘဝအဆင်ပြေစေဖို့အတွက် ကြိုးစားမှု၊ ရိုးသားမှုနဲ့ လုပ်ကြတဲ့သူတွေရှိပါကြောင်း၊ ဒီလိုရိုးရိုးသားသားလုပ်ကြပေမယ့် စားဝတ်နေရေး အဆင်မပြေပါကြောင်း၊ အရေးအကြောင်း ဆေးရုံတက်ဖို့ အကြောင်းဖန်လာတဲ့အခါမှာ ဆေးရုံတော့ရောက်သွားကြောင်း၊ ဒါပေမယ့် သူတို့မှာ ကုစရာ ငွေကြေးအင်အား မပြည့်စုံပါကြောင်း၊ ချမ်းသာတဲ့အသိုင်းအဝိုင်းကျတော့ ဆေးရုံတွေ ကောင်းကောင်း မွန်မွန် တက်နိုင်ပါကြောင်း၊ တချို့ဆို နိုင်ငံခြားတွေမှာသွားပြီး ကုသနိုင်တဲ့ အခွင့်အလမ်းတွေရှိပါကြောင်း၊ ဆင်းရဲတဲ့သူတွေကျတော့ သူတို့ကို ဂရုစိုက်တာတွေ၊ အရေးတယူ ထောက်ပံ့တာတွေလည်းမရှိသလောက် တစ်ချို့နေရာတွေမှာ တွေ့ရပါကြောင်း၊ ဒါဆိုရင်လည်း သူတို့ရဲ့ ရင်တွင်းက မငြိမ်းချမ်းပါကြောင်း၊ စစ်မြေပြင်မှ မဟုတ်ဘဲ မိမိတို့ရဲ့ အနီးပတ်ဝန်းကျင်မှာလည်း ဒုက္ခတွေခံစားရတဲ့ ပြည်သူတွေရှိပါကြောင်း၊ ဒါဟာလည်း မိမိအနေနဲ့ သူတို့ဘဝအတွက် ငြိမ်းချမ်းမှု မရှိဘူးလို့တော့ ထင်မြင်မိပါကြောင်း ဆွေးနွေးပြောကြားသည်။

ဦးဝင်းနိုင်(စားသောက်ဆိုင်လုပ်ငန်း)

ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံမှာ အတော်လေးကို အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးမရလို့လည်း ဒီနိုင်ငံက မတိုးတက်တဲ့အနေအထားတွေ ဖြစ်နေတာ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမရရင်တော့ တိုးတက်ဖို့ဆိုတာ လမ်းမမြင်ပါကြောင်း၊ အဲ့ဒါကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားဖို့ဆိုရင် တစ်စိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်၊ လူတွေဒုက္ခတွေရောက်၊ ခြေပြတ်လက်ပြတ်တွေဖြစ်၊ ဟိုမသွားနိုင် ဒီမသွားနိုင်နဲ့ဆိုရင် အဲဒီနေရာမှာ ဘယ်လိုမှ တိုးတက်နိုင်မှာမဟုတ်ပါကြောင်း၊ ကလေးတွေကလည်း ပညာကို ဘယ်လိုမှ အေးအေးချမ်းချမ်းနဲ့ သင်ကြားနိုင်မှာမဟုတ်ပါကြောင်း၊ ပညာမတတ်ခဲ့ရင်တော့ ဒီနိုင်ငံမတိုးတက်မှာသေချာပါကြောင်း။

မတိုးတက်ရင်တော့ ဒီနိုင်ငံချမ်းသာ ဖို့ဆိုတာက မဖြစ်နိုင်တော့ပါကြောင်း၊ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကိုတော့ တစ်စိုက်မတ်မတ်နဲ့ ဦးစားပေးပြီးဆောင်ရွက်စေ ချင်ကြောင်း၊ မိမိ်တို့ရင်ထဲမှာ ငြိမ်းချမ်းရေးလိုချင် သလိုဘဲ တိုင်းပြည်တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုတွေက ဒီငြိမ်းချမ်းရေးကို လိုလားမယ်လို့ မျှော်လင့်ပါကြောင်း၊ ဒီငြိမ်းချမ်းရေးရှိမှ ကျန်တဲ့ကဏ္ဍတွေအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း။

ဧရာဝတီတိုင်းဆိုရင် ငြိမ်းချမ်းရေးရလာပြီ ဖြစ်တဲ့အတွက် အထိုက်အသင့် တိုးတက်လာပြီဖြစ်ပါကြောင်း၊ ပညာရေးမှာလည်း ကောင်းစွာသင်ကြားလို့ ရနေပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးတွေလည်း ကောင်းလာပြီဖြစ်ပါကြောင်း၊ တိုင်းထဲမှာပင် စီးပွားရေးရှာ လုပ်ကိုင်စားသောက်တဲ့သူတွေ လွတ်လပ်စွာ သွားလာလှုပ်ရှား စီးပွားရှာနေရပြီဖြစ်တဲ့အတွက် ဧရာဝတီတိုင်းက ထိုက်သင့်လျောက် တိုးတက်လာတာကို တွေ့မြင်ရပါကြောင်း၊ ဒါက ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားလာရတာဖြစ်ပါကြောင်း၊ ဒီလိုဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းမှု အတွက်လည်း အင်မတန် အရေးကြီးပါကြောင်း၊ မိမိတို့ ဒေသတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်နေလို့ မဖြစ်ပါကြောင်း၊ ကျန်တဲ့နယ်စပ်ဒေသတွေ၊ တောင်တန်းဒေသတွေမှာ နေတဲ့သူတွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုပါကြောင်း၊ တစ်နိုင်ငံလုံး အညီအညွတ်ဖွံ့ဖြိုးမှသာ ဒီနိုင်ငံဟာ ကြီးပွားချမ်းသာလာမယ့် အနေအထား ဖြစ်တယ်လို့ မြင်မိပါကြောင်း။

သင်ကြားခဲ့တဲ့ ပညာရပ်ဟာ အမှန်တကယ်ပြောရရင်တော့ အထောက်အကူ မဖြစ်ပါကြောင်း၊ စီးပွားလုပ်ငန်းကို စမ်းတဝါးဝါးနဲ့ လုပ်လာခဲ့ရတာဖြစ်ပါကြောင်း၊ ပထမ ငါးကန်လုပ်ငန်းလုပ်ရာ မအောင်မြင်ပါကြောင်း၊ အခု စားသောက်ဆိုင်လုပ်ငန်း ပြောင်းလုပ်ပါကြောင်း၊ နည်းနည်းပါးပါး အောင်မြင်လာပါကြောင်း၊ ကိုယ့်ရဲ့ စိတ်ကူးနဲ့ဘဲ လုပ်နေတာဖြစ်ပါကြောင်း၊ သင်လာခဲ့တဲ့ ပညာနဲ့က ဘယ်လိုမှ မအပ်စပ်ပါကြောင်း၊ ဘယ်လိုမှ အသုံးချလို့ မရတဲ့အနေအထား ဖြစ်နေပါကြောင်း ဆွေးနွေးပြောကြားသည်။

ဒေါ်ပြုံးပြုံးအေး (ရေလုပ်ငန်းရှင်)

ငြိမ်းချမ်းရေးဟာ နိုင်ငံအတွက်အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဘာဖြစ်လို့လဲ ဆိုတော့ မိမိတို့ မိရိုးဖလာစီးပွားရေးလုပ်ငန်းက ရေလုပ်ငန်းဖြစ်ပါကြောင်း၊ အဖေအမေတွေခေတ်က ပင်လယ်ပြင်ကြီးက မငြိမ်းချမ်းပါကြောင်း၊ လက်နက်ကိုင်တွေက ဆက်ကြေးတောင်းပါကြောင်း၊ ဆက်ကြေးမပေးဘူးဆိုရင် သင်္ဘောတွေနဲ့ အလုပ်သမားတွေကို ပြန်ပေးဆွဲသွားပါကြောင်း၊ လုပ်ငန်းရှင်က ဟိုဘက်ကမ်းကို သွားပြီးတော့ ညှိနှိုင်းရပါကြောင်း၊ ညှိနှိုင်းပြီးမှ ပြန်လွှတ်ပါကြောင်း၊ အဲဒါကို ဒီဘက်မှာရှိတဲ့အစိုးရက သိရဲ့သားနဲ့ အလုပ်ရှင်ကို ဖမ်းဆီးထောင်ချပါကြောင်း။

ယခုခေတ်မှာတော့ ပင်လယ်ပြင်ကြီးက အေးချမ်းသွားပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဧရာဝတီတိုင်းက အေးချမ်းတဲ့၊ ငြိမ်းချမ်းတဲ့အတွက်ကြောင့် အကုန်လုံး အေးအေးချမ်းချမ်းအိပ်နိုင်ပါကြောင်း၊ စာသင်နိုင်စီးပွားရေးတွေ လုပ်နိုင်ပါကြောင်း၊ အခုစစ်ဖြစ်နေတဲ့ နေရာမှာရှိနေတဲ့ ညီအစ်ကို မောင်နှမတွေဟာ အိပ်ကောင်းခြင်းလည်း မအိပ်ရ၊ စားကောင်းခြင်းလည်း မစားရပါကြောင်း၊ ဘယ်အချိန်မှာ စစ်ပွဲတွေဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စီးပွားရေးလည်း ကောင်းကောင်း မလုပ်နိုင်ပါကြောင်း၊ အဲဒီလိုဖြစ်နေတဲ့အတွက် သူတို့ဒေသတွေမှာ စီးပွားရေးကဘယ်လိုမှ ဦးမော့လာနိုင်မှာမဟုတ်ပါကြောင်း။

စီးပွားရေး ဦးမမော့နိုင်ရင် ပညာရေးလည်းကောင်းစွာသင်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် တိုင်းပြည်က ဒီထက်ကို စီးပွားရေးတွေ နိမ့်ကျနေအုံးမှာဖြစ်ပါကြောင်း၊ နှစ်ရှည်လများဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ အမြန်ငြိမ်းချမ်းချင်ပြီဖြစ်ပါကြောင်း၊ မြန်မာပြည်ကြီးကို သူများနိုင်ငံတွေနဲ့ တန်းတူဖြစ်နေတဲ့နိုင်ငံကြီးအဖြစ် မြင်ချင်လှပြီဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတွေ၊ တစ်ဦးတစ်ယောက်တွေ အာဃာတတွေမထားပဲနဲ့ သည်းခံမှုတွေနဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံဖော်ဆောင်ပြီးတော့ ဆောင်ရွက်ပေးပါလို့တောင်းပန်လိုပါကြောင်း၊ ပြည်သူတွေ ညီအစ်ကို မောင်နှမတွေအကုန်လုံးက ငြိမ်းချမ်းရေးကို ယူချင်တဲ့စိတ်ရှိမှ တစ်ယောက်နဲ့ တစ်ယောက် သည်းခံခွင့်လွှတ်နားလည်မှုပေးနိုင်မှ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ထင်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဦးဇော်တင်မိုး

(ဂဏန်းမွေးမြူရောင်းဝယ်ရေး)

မငြိမ်းချမ်းတဲ့ ကိစ္စတွေဆိုတာ ကြုံခဲ့ဖူးပါကြောင်း၊ အခုလို နှစ်ရှည်အကြာကြီး ပြည်နယ်တွေမှာ မငြိမ်းချမ်းမှုတွေ ဖြစ်နေကြတာ ဒီဒေသတွေက ခံစားရတဲ့ လူတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်မယ်ဆိုရင် မိမိတို့တွေ စိတ်ထဲမှာ ဖြေသာဖို့ မရှိပါကြောင်း၊ မိမိ်တို့ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ကြားရတာနဲ့ပဲ ကြားရသူတွေရဲ့ နားမှာ ချိုသာသလို စိတ်နှလုံးကို ငြိမ်းချမ်းစေပါကြောင်း။

မိမိတို့တိုင်းပြည်မှာရှိတဲ့ လူအကုန်လုံး၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အကုန်လုံးက ငြိမ်းချမ်းရေးကို လိုလားကြတာဖြစ်ပါကြောင်း၊ မိမိတို့ ထက်လိုလားတဲ့သူလည်း ရှိနိုင်ပါကြောင်း၊ အဲဒီလူတွေက ဒီနေ့စစ်ဖြစ်ရာဒေသတွေမှာ အဲဒီစစ်ပွဲရဲ့ အနိဌာရုံတွေကို ခံစားနေကြရတဲ့ ပြည်သူတွေပဲဖြစ်ပါကြော်း၊ အဲဒီလူတွေ ထက်ပိုပြီး လိုချင်တဲ့သူတွေလည်း ရှိနိုင်ပါသေးကြောင်း၊ အဲ့ဒါကတော့ ဒီနေ့ မငြိမ်းမချမ်းနဲ့ လက်နက်ကိုင်ပြီး တိုက်နေကြရတဲ့ ကျွန်တော်တို့ ပြည်တွင်းရန်ကို ကာကွယ်နေကြရတဲ့ တပ်မတော်သားတွေနဲ့ တစ်ဖက်က လက်နက်ကိုင်တိုင်းရင်းသား တွေဖြစ်ပါကြောင်း၊ သူတို့တွေက အသက်ကိုအရင်းတည်ပြီး တိုက်နေကြရတော့ ကျွန်တော်တို့ထက် ပိုပြီး ငြိမ်းချမ်းရေးကို ပိုလိုချင်မယ်လို့ တွေးဆမိပါကြောင်း။

တိုက်ပွဲဖြစ်ရာဒေသတွေကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆရာဝန်ဆိုလဲ ကျည်ဆံတွေကြားမှာ ဘယ်ဆရာဝန်မှ သွားချင်ကြမှာ မဟုတ်ပါကြောင်း၊ ပညာရေးအတွက် ကျောင်းဆရာ၊ ဆရာမတွေ ပညာသွားသင်မယ်ဆိုလဲ ဗုံးဆံတွေ၊ သေနတ်သံတွေကြားမှာ သွားသင်ဖို့ စိတ်ကူးရှိကြမှာ မဟုတ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံချင်သူတွေလဲ စစ်ဖြစ်ရာ ဒေသမှာ သွားပြီးရင်းနှီး မြုပ်နှံချင်ကြမှာ မဟုတ်ပါကြောင်း၊ စစ်ဖြစ်ရာဒေသတွေဟာ မိ်မိတို့ထက် နှေင့်နှေးကြန့်ကြာနေမှာ အမှန်ပဲဖြစ် ပါကြောင်း။

ပြည်သူတွေက တင်မြှောက်ထားတဲ့ NLD အစိုးရ၊ ပြည်သူတွေအတွက် အဘက်ဘက်က စဉ်းစားပေးနေတဲ့ အစိုးရအနေနဲ့မှ ငြိမ်းချမ်းရေး မရဘူးဆိုရင် ဘယ်သောအခါမှ ငြိမ်းချမ်းရေး ရမယ်လို့ မိမိအနေနဲ့ မယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဦးအောင်ကြည်မြင့်

(တောင်သူ)

ပညာရေးကို ဒီထက်မက တိုးတက်စေချင်ပါကြောင်း၊ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး တစ်ဆက်တည်း တင်ပြချင်တာက မိမိတို့ ရေကျော်ကျေးရွာမှာ ၂၀၁၆ ခုနှစ်က အလယ်တန်းကျောင်း တစ်ကျောင်း ဒဂုံမင်းကုမ္ပဏီက ဆောက်ခွင့်ရပါကြောင်း၊ ယနေ့ အချိန်အထိ ၅၀ ရာခိုင်နှုန်းသာ ပြီးစီးပြီး အမိုးမိုး၍ ပစ်ထားသည်မှာ နှစ်နှစ်ကျော်နေပြီဖြစ်ပါကြောင်း၊ ဒေသခံတွေအနေနဲ့ ကျောင်းလေးကို ပြီးစေချင်ပါကြောင်း၊ ဇကလွန်း ဝဲထောက်ကျေးရွာအုပ်စုက ကျောင်းတစ်ကျောင်းလဲ မပြီးသေးတဲ့ အထဲမှာပါပါကြောင်း ဆွေးနွေးပြောကြားသည်။

ဦးအောင်မြင့်မြတ် 

(ပညာရေးဝန်ထမ်း)

ပညာရေးမရှိရင် ငြိမ်းချမ်းရေးမရှိနိုင်သလို ငြိမ်းချမ်းရေးမရှိရင်လည်း ပညာရေးဆိုတာ သုံးလို့မရတော့ပါကြောင်း၊ မိမိတို့က မငြိမ်းချမ်းတဲ့ဒေသတွေမှာ ဘယ်ကျောင်း ဆရာ၊ ဆရာမမှ ဘယ်လောက် ရာထူးကြီးကြီးပေးပေး တစ်ယောက်မှမသွားချင်ပါကြောင်း၊ ဘာဖြစ်လို့ မသွားချင်တာလဲဆိုရင် ကိုယ့်အသက်အတွက် လုံခြုံမှုမပေးနိုင်လို့ ပြည်ပမှာရှိတဲ့ တိုင်းရင်းသားပညာတတ်တွေကလည်း အဲဒီဒေသတွေကို ပညာသွားရောက်သင်ကြားဖို့ဆိုတာ မဖြစ်နိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပညာရေးဟာ နှစ်ဖက်လုံး ဟန်ချက်ညီကာမှ မိမိတို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ သုံးသပ်မိပါကြောင်း။

ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တာ မိမိတို့ပညာရေးဌာနမှာ ဘာရှိမလဲဆိုရင် အားကစားအခန်းကဏ္ဍ ကျောင်းသားနဲ့ အားကစားဖြစ်ပါကြောင်း၊ ကျောင်းတွေမှာ အားကစားပြိုင်ပွဲကျင်းပပေးတဲ့အခါ ကလေးတွေက တစ်ဦးနှင့်တစ်ဦး ချစ်ကြပါကြောင်း၊ ကျောင်းတွေမှာ အသင်းငါးသင်း အားကစားပြိုင်ပွဲတွေ လုပ်ပေးလိုက်ရင် တစ်သင်းချင်းတော့ စည်းလုံးညီညွှတ်သွားပါကြောင်း။

အားကစားကလည်း ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါကြောင်း၊ ငယ်ရွယ်စဉ်အချိန်မှာ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးစုပေါင်းပြီးတော့ အားကစားပြိုင်ပွဲလေးတွေ ငယ်ရွယ် စဉ်အချိန်ကတည်းက လုပ်ပါကြောင်း၊ တိုင်းရင်းသားတွေ အချင်းချင်း တွေ့ဆုံခွင့်ရပါကြောင်း၊ တစ်ဦး ယဉ်ကျေးမှု၊ တစ်ဦးနားလည်လာမှာဖြစ်ပါကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက်လည်း ချစ်ခင်လာမှာဖြစ်ပါကြောင်း၊ အနာဂတ်မှာ လူငယ်ဖြစ်လာမယ့် ကလေးတွေက လူကြီးဖြစ်လာပြီဆိုရင် နိုင်ငံတော်ကို ဘက်စုံထောင့်စုံကနေပြီးတော့ ဝိုင်းပြီးတော့ တည့်မတ်အောင် ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အတွက် မိမိတို့ ပညာရေးကဏ္ဍမှာ အားကစားကဏ္ဍကလည်း ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေပါကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းတဲ့နိုင်ငံ တည်ဆောက်ဖို့ဆိုရင် ပညာရေးနဲ့ အားကစားကဏ္ဍကို ချန်ထားလို့ မရပါကြောင်း။

ကချင်ပြည်နယ်မှ အမျိုးသား အောင်လအန်ဆန် MNA ဝိတ်တန်း ချန်ပီယံ နှစ်ခုရသည့်အခါ ကချင်တိုင်းရင်းသားတစ်မျိုးတည်း ပျော်ရွှင်ခြင်းမဟုတ်ဘဲ မိမိတို့လည်းပျော်ပါကြောင်း၊ တိုင်းရင်းသားအားလုံးပျော်ပါကြောင်း၊ ဒါ သူတတ်တဲ့ အားကစားပညာနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းရေးလုပ်နေတာ ဒါကြောင့် အားကစားကဏ္ဍကလည်း အရေးပါတယ်လို့ ထည့်သွင်းပြောကြားလိုတာဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ဒေါ်ဖြိုးအိကြိုင်

စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း

ငြိမ်းချမ်းရေးဆိုတာ တစ်ဦးတစ်ယောက်တည်းအားနဲ့ အဖြေရှာလို့ မရပါကြောင်း၊ အခုလို စကားဝိုင်းတွေကတစ်ဆင့် ဆွေးနွေးအဖြေရှာပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက်ဆောင်ရွက်မယ်၊ တိုင်းပြည်ငြိမ်းချမ်းအောင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မတို့ ဆွေးနွေးရင်းနဲ့ အဖြေရှာရမှာ ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးလို့ ပြောလိုက်ရင် မိ်မိထင်တာကတော့ အရင်ဆုံး တိုင်းရင်းသားတွေ၊ အသားအရောင်တွေ၊ ဘာသာစကားတွေ၊ ယုံကြည်မှုတွေ၊ ကိုးကွယ်ရာတွေ၊ ခွဲခြားမနေဘဲနဲ့ စုစုစည်းစည်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားရမှာဖြစ်ပါကြောင်း၊ အဓိကတော့ ဘယ်နိုင်ငံမှာပဲနေနေ၊ ဘယ်ဒေသပဲ ရောက်နေနေ၊ ဘယ်ဘာသာတရားပဲကိုးကွယ်ကိုးကွယ်၊ မြန်မာနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့ မြန်မာနိုင်ငံတော်ကြီးကို တိုးတက်အောင် အကုန်လုံး ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း။

မိမိတို့ အသင်းကြီးအနေနဲ့ဆိုရင်လည်း MYEA အသင်းကြီးရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အသင်းမှာ တိကျတဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေလည်း ရှိပါကြောင်း၊ နေပြည်တော်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့ စကားလေးတစ်ခွန်း အခုထိ အမှတ်ရနေပါကြောင်း၊ လူငယ်တွေကို အားကိုးတယ်ဆိုပြီး ပြောခဲ့ပါကြောင်း၊ မှန်ပါကြောင်း၊ လူငယ်တွေဟာ တိုင်းပြည်တစ်ပြည်ရဲ့ အရင်းအမြစ်ဖြစ်ပါကြောင်း၊ ဒီလူငယ်တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တန်းတူပညာရေးတွေ သင်ကြားနိုင်မယ်ဆိုရင် သူတို့ရဲ့ အတွေးအခေါ်တွေ မြင့်မားလာမယ်၊ စိတ်ဓာတ်တွေ မြင့်မားလာမယ်၊ ပြီးရင် ဒီစိတ်ဓာတ်တွေ မြင့်မားလာရင် ကိုယ့်နိုင်ငံဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားသွားကြရမှာ ဖြစ်ပါကြောင်း။

မိမိတို့ လူငယ်တွေကြားမှာလည်း ငြိမ်းချမ်းရေးဆိုတာကိုပဲ တသသ ပြောနေကြရပါကြောင်း၊ ငြိမ်းချမ်းရေးရှိမှပဲ စွန့်ဦးတီထွင်မှု လုပ်ငန်းတွေကလည်း တိုးတက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မည် ဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့အသင်းကြီးအနေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်ထုတွေကို စွန့်ဦးတီထွင်လိုစိတ်တွေ ရှိလာအောင်၊ အကောင်းမြင်စိတ် တွေရှိလာအောင် ကြိုးစားတည်ဆောက် သွားကြရမှာဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါပါကြောင်း၊ ဒါကြောင့်မို့လည်း လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားသိရှိနားလည်လာအောင်၊ သိရှိနားလည်လာပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေ မှန်သမျှမှာ လူငယ်တွေအနေနဲ့ အစိုးရနဲ့အတူတူ ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ဒီနေရာကနေပြောကြား လိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုခေတ်နည်းပညာတွေကို အပြုသဘောဆောင်တဲ့ အကျိုးတွေဖြစ်အောင် ဘယ်လိုကျွန်မတို့ထိ်န်းမလဲ၊ ဒီနည်းပညာတွေဆိုတာ အပြုသဘောဆောင်တဲ့လမ်းကို သွားနိုင်သလို အပြုသဘောမဆောင်တဲ့ လမ်းတွေကိုလည်း သွားနိုင်ပါကြောင်း၊ ဥပမာ ကျွန်မတို့ ပြောပြောနေတဲ့ကိစ္စတွေမှာ၊ အမုန်းတရားတွေကို ဖြန့်ဝေနေတာဆိုတာလည်း ဒီနည်းပညာ တွေကြောင့် အများကြီးဖြန့်ဝေနိုင်ပါကြောင်း၊ ပြီးတော့ အမုန်းတရားတွေဟာ တစ်နေရာတည်းက မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို သွားနိုင်တဲ့အခြေအနေမှာရှိတော့ ကျွန်မတို့ဘယ်လို ပြန်ပြီးတော့ တုံ့ပြန်မလဲ၊ ဒီလိုမပွားသင့်တဲ့စိတ်ဓာတ်တွေ မိမိတို့နိုင်ငံထဲမှာ စိမ့်မဝင်အောင် ဘယ်လို နည်းပညာဘက်နေ ကာကွယ်မလဲ၊ ဒါမှမဟုတ်လူမှုရေးအရ ဘယ်လိုကာကွယ်မလဲဆိုတာ စဉ်းစားရမှာဖြစ်ပါကြောင်း။

မိမိတို့ ပညာရေးစနစ်က ယေဘုယျအားဖြင့်အားနည်းပါကြောင်း၊ နိုင်ငံခြားကနေ စာရွက်စာတမ်းတွေ ဂျာနယ်တွေ လေ့လာနိုင်ဖို့ အခက်အခဲဟာ အဓိကအားဖြင့် အင်္ဂလိပ် ဘာသာသင်တဲ့နေရာမှာ အားနည်းလို့ဖြစ်ပါကြောင်း၊ ဒါလည်း မိမိတို့ပြုပြင်ဖို့ ကြိုးစားနေပါကြောင်း၊ အင်္ဂလိပ်ဘာသာကို အခုခေတ်မှာ မကျွမ်းကျင်ရင် ကမ္ဘာနဲ့ရင်ပေါင် တန်းဖို့ဆိုတာ အင်မတန်မှခက်ပါကြောင်း၊ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး စာရွက်စာတမ်းတွေ အားလုံးဟာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေပါကြောင်း။

နောက်တစ်ချက်ကတော့ သင်တဲ့ပညာနဲ့အပြင်မှာသိပ်ပြီး အသုံးမဝင်တဲ့ အခြေအနေဖြစ်ပါကြောင်း၊ မိမိတို့အနေနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အားပေးပါကြောင်း၊ ပညာရှာတယ်ဆိုတာဟာ ကိုယ့်ဘဝကို ရင်ဆိုင်နိုင်ဖို့ ပညာရှာတာ ဖြစ်ပါကြောင်း၊ ပညာဆိုတာ ဘယ်တော့မှ အလဟသတော့ လုံးဝမဖြစ်ပါကြောင်း၊ ဒါပေမယ့် ဒီပညာရေးအဆင့်က မကောင်းတဲ့အခါ ဒီဟာကို အသက်မွေးဝမ်းကျောင်းအတွက် သုံးဖို့ရာခက်ခဲပါကြောင်း၊ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး လိုက်ဖို့ခက်ခဲပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက သိရှိပြီး အဘက်ဘက်ကပြုပြင်ဖို့ ကြိုးစားနေပါကြောင်း။

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘယ်လိုမှခွဲလို့မရပါကြောင်း၊ နိုင်ငံက စီးပွားရေးအရ ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာမှ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိမှာဖြစ်ပါကြောင်း၊ စစ်မက်ဖြစ်နေတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ မှာလုံခြုံမှုမရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာလည်း လုံခြုံမှုမရှိပါကြောင်း၊ ကလေးသူငယ်များဟာ ပညာသင်ရမယ့်အချိန်မှာ ဝမ်းစာရှာနေရတာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါကြောင်း၊ ဒါကိုလည်း မိမိတို့အစိုးရအနေနဲ့ အထူးအလေးပေးပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုးစားနေပါကြောင်း၊ နေ့ချင်းညချင်းတော့ မဖြစ်ပါကြောင်း၊ ဒါပေမယ့် ခုနကပြောသွားသလို ဒီကလေးလေးတွေဟာ ကွမ်းယာတွေ ဆေးလိပ်တွေ လိုက်ရောင်းနေရတယ်ဆိုတော့ အဲ့ဒါနဲ့ ပတ်သက်လို့လည်း ဆေးလိပ်မသောက်ပါနဲ့ ကွမ်းယာမစားပါနဲ့လို့တော့ အားလုံးကို ပြောချင်ပါကြောင်း။

ဒါပေမယ့် ပြောတဲ့တစ်ချိန်လုံးမှာပဲ လက်တွေ့ကျကျ ကြည့်ရပါကြောင်း၊ ဆေးလိပ်ရောင်းပြီး အသက်ရှင်ရသူတွေနဲ့ ကွမ်းယာရောင်းပြီး အသက်ရှင်ရသူတွေအတွက် မိမိတို့မှာ အစားထိုးလုပ်ငန်းတွေ ရှာပေးဖို့လိုကြောင်း ။

ငြိမ်းချမ်းရေးဆိုတာ ပြည်သူလူထု တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ စိတ်၏အေးချမ်းခြင်းဖြစ်ပါကြောင်း၊ စိတ်၏အေးချမ်းရေးဆိုတာ ၁၀ဝ ရာခိုင်နှုန်းတော့မဖြစ် နိုင်ပါကြောင်း၊ အခြေခံလုံခြုံမှုဆိုတာ မိမိအမြဲပြောသလို တရားဥပဒေ စိုးမိုးရေးရှိရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအောက်မှာ ပြည်သူများဟာ အခြေခံလုံခြုံမှုရှိနိုင်ပါကြောင်း၊ ဥပဒေဟာ ပြည်သူတွေကာကွယ်ဖို့၊ လူ့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ဆိုတာ အများနားလည်အောင် တကယ်ပဲ လက်တွေ့ကျကျ မြင်ရအောင် လုပ်ရမည်ဖြစ်ပါကြောင်း။

စီးပွားရေးတောင့်တင်းမှုထဲမှာ တိုးတက်တဲ့နိုင်ငံတွေအတွက် အခြေခံကိစ္စတစ်ခုက ဘာလဲဆိုတော့ အခွန်ငွေတွေ ရရှိခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူတွေက ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကို ဆောင်ကြပါ။ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ကိုယ်ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကို ဆောင်ကြပါ။ မရှောင်ကြပါနဲ့။ ဒီလိုအခွန်မပေးဘဲနဲ့ အစိုးရက ပြည်သူ့ကို အကျိုးဖြစ်စေမယ့် လုပ်ငန်းတွေ လုပ်ဖို့ဆိုတာဟာ မလွယ်ပါကြောင်း။

မိမိတို့ ဆောက်လုပ်ရေးအပိုင်းမှာဆိုရင် အခုမြောင်းမြက လူတွေက တန်းပြီးစဉ်းစားလိုက်မှာ တံတားကြီးကိစ္စဖြစ်ကြောင်း၊ ဒီတံတားကြီးကိစ္စဆိုတာ တံတားတွေကို အဆင့်မှီအောင်လုပ်ဖို့ လမ်းတွေကို အဆင့်မှီအောင်လုပ်ဖို့ ဆိုတာဟာ မိမိတို့ ပြည်သူများရဲ့ ကျွမ်းကျင်မှုတင်မကဘူး ပိုက်ဆံလည်းလိုကြောင်း၊ အင်ဂျင်နီယာ တစ်ယောက်က ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် သူလိုအပ်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် တံတားကောင်းကောင်း ဆောက်လို့လည်းမရ၊ လမ်းကောင်းကောင်း ဆောက်လုပ်လို့လည်း မရ၊ ဒီတော့ ပြည်သူကလည်း သူရဲ့တာဝန်အရ အခွန်ထမ်းဆောင်ရမည်၊ အစိုးရကလည်း အစိုးရတာဝန်အရ ဒီအခွန်တွေကို မှန်မှန်ကန်ကန်နဲ့ ပြည်သူအတွက် သုံးနိုင်ရမည်ဖြစ်ကြောင်း။

ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်အရ စိုက်ပျိုးရေးပေါ်တွင် အခြေခံပြီး တိုးတက်စရာ လမ်းကြောင်းများ ရှိပါကြောင်း၊ လမ်းကြောင်းရှိပေမယ့် ဒီလမ်းကြောင်းကို လျောက်နိုင်မှ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ လယ်သမား သားသမီးများအနေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်တာကို ဂုဏ်ယူစေချင်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံပြီး တိုးတက်တဲ့ စက်မှုလက်မှုနိုင်တွေလည်း ရှိပါတယ်။ လယ်သမား သားသမီးဖြစ်ရတာကို ဂုဏ်ယူစေချင်ပါကြောင်း။ 

မိမိတို့နိုင်ငံမှာ ကျောင်းဆရာတွေ နည်းနေပါကြောင်း၊ ကျောင်းဆရာမတွေ များနေပါကြောင်း၊ ကျောင်းဆရာမက ၉၈ ရာခိုင်နှုန်းလောက်ရှိပါကြောင်း၊ အမျိုးသားငယ်များ ကျောင်းဆရာလုပ်ချင်တဲ့ စိတ်ဓာတ်တွေ ပိုပြီးတော့ အားပေးချင်ပါကြောင်း။

ဦးအောင်မြင့်မြတ်ပြောသလို အားကစားက လူငယ်တွေရဲ့ စိတ်ဓာတ်အတွက် မိမိတို့နိုင်ငံရဲ့ ရှေ့ရေးအတွက် အရေးကြီးပါကြောင်း၊ နောက်ပြီး အမျိုးသားများကို ကျောင်းဆရာလုပ်ဖို့လည်း အားပေးပါ။ ဆွဲဆောင်ပါ။ ကျောင်းဆရာလုပ်တယ်ဆိုတာ အင်မတန်မှ ဂုဏ်သိက္ခာရှိပါကြောင်း၊ နောင်လာနောင်သားတွေရဲ့ စိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးပိုင်ခွင့် ရတယ်ဆိုတာဟာ တော်ရုံတန်ရုံအခွင့်အရေး မဟုတ်ပါကြောင်း၊ ဒါကြောင့် ကျောင်းဆရာဖြစ်ရမှာကို ဂုဏ်ယူကြပါ။ ကျောင်းဆရာဖြစ်ဖို့ မျှော်မှန်းကြပါဟု ပြောလိုပါကြောင်း။

မိမိတို့ ပြည်သူတွေက သိပ်ပြီးတော့ မင်းသမီး၊ မင်းသားဖြစ်ချင်ကြကြောင်း၊ မင်းသမီး၊ မင်းသားချည်းပဲ ဖြစ်နေမယ်ဆိုရင် ပရိသတ်တစ်ယောက်မှ ရှိမှာမဟုတ်တော့ကြောင်း၊ ဒါကြောင့်မို့လို့ ကိုယ်က ပရိသတ်အနေနဲ့လည်း ဂုဏ်ယူရမည်၊ မင်းသမီး၊ မင်းသားတွေက တကယ်တော့ ပရိသတ်ကို အားကိုးရတာ၊ ပရိသတ်မရှိရင် မင်းသမီး၊ မင်းသားမဖြစ်ကြောင်း၊

အားလုံးက ခေါင်းဆောင်ပဲ လုပ်ချင်ကြောင်း၊ နောက်လိုက်လုပ်ဖို့ မစဉ်းစားကြောင်း၊ ကိုယ်ကိုယ်တိုင်က နောက်လိုက် ကောင်းတစ်ယောက်အဖြစ် တာဝန်ကျေပွန်ခဲ့မှသာ ခေါင်းဆောင် ကောင်းဖြစ်နိုင်မည်ဖြစ်ကြောင်း၊ 

သူ့နေရာနဲ့သူ အားလုံးက တန်ဖိုးရှိကြောင်း၊ ဒါတွေကို မိမိတို့ သားသမီးတွေ ကိုသင်ပေးရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ မြင့်ထွေးက ဆွေးနွေးပြောကြားရာတွင် ပြည်သူတွေ ကျန်းမာရေးအသိပညာ၊ ကျန်းမာရေး စာတတ်မြောက်မှုရှိမှသာလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပြောတဲ့ ကွမ်းမစား၊ အရက်မသောက်၊ ဆေးလိပ်မသောက်၊ အဆီများတဲ့အစာကို လျှော့စားမည်ဖြစ်ကြောင်း၊ ချိုလွန်း၊ ငန်လွန်းတာတွေ သိပ်မစားဘူးဆိုရင် တော်တော်များများမှာ မဖြစ်သင့်တဲ့ရောဂါတွေ မဖြစ်တော့ပါကြောင်း။

ဒီကိစ္စတွေကို နိုင်ငံတော်အတိုင်းအတာအနေနဲ့ စံပြုအချက်အလက်များ ဆိုတဲ့စာအုပ်ကို ထုတ်တဲ့အပြင် ဒီစာအုပ်ကို Tablet ထဲမှာထည့်မည်ဖြစ်ကြောင်း၊ ထည့်ပြီးရင် သုံးသောင်းမျှရှိသော အခြေခံကျန်းမာရေး ဝန်ထမ်းများအားလုံးကို ပေးမှာဖြစ်ပါကြောင်း၊ မကြာခင်လပိုင်းအတွင်းမှာ ကျွန်တော်တို့ပေးတော့မှာ ဖြစ်ပါကြောင်း။

မိမိတို့ ကလေးတွေကို ကာကွယ်ဆေး (၁၁)မျိုးလောက် ထိုးပေးနေပါကြောင်း၊ ထိုစာအုပ်ထဲမှာ ဘာပါလဲဆိုတော့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေပါပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် online မှ မေးမြန်းလာသည့် “ငြိမ်းချမ်းရေး၏ အစတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်နက်ကိုင်အဖွဲ့အားလုံး တက်ညီလက်ညီ လက်မှတ်ရေးထိုးရန် မည်သို့ အဆင်မပြေဖြစ်နေသည်၊ မည်သို့ကြိုးစားမရဖြစ်နေသည် ကိုသိလိုကြောင်း” မေးခွန်း၊ “နိုင်ငံတော်တိုးတက်ရေးအတွက် ဦးတည်ချက်သုံးရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရေးတွင် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့် အခြေအနေနှင့် စပ်လျဉ်း၍ ရထားတွဲအသစ်များ လိုအပ်သလို အစားထိုးသင့်ပါကြောင်း၊ သို့မှသာ သတ်မှတ်ကာလအတွင်း လိုရာခရီး ရောက်နိုင်မည်ဖြစ်ကြောင်း” မေးခွန်း၊ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ယခုအချိန် အဖြစ်ချင်ဆုံး ဆန္ဒအားသိလိုကြောင်း ”မေးခွန်းတို့နှင့် စပ်လျဉ်းပြီး ဖြေကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီမေးခွန်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဟုတ်တယ်၊ ကျွန်မတို့အစိုးရက ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တပ်မတော်ကလည်းလိုချင်မယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုချင်မယ်။ စောစောက ပြောသွားသလို၊ အထိခိုက်ဆုံးက ဒီတပ်မတော်သားတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေထဲက ရဲဘော်တွေဟာ အထိခိုက်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့လည်း အထိခိုက်ခံချင်မှာမဟုတ်ဘူး။ သူတို့မိသားစုတွေကလည်း ကိုယ့်ရဲ့သားတွေ၊ မောင်တွေ၊ အဖေတွေ၊ ခင်ပွန်းသည်တွေကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီငြိမ်းချမ်းရေးရဲ့ အစဖြစ်တဲ့ NCA ကို မထိုးကြတာလဲဆိုတော့ တစ်ဖက်က ကြည့်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိလို့ဘဲ။

ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိလို့ဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရင် တစ်ခြားသူကို ယုံကြည်နိုင်တဲ့ အင်အားဖြစ်လာမယ်။ ပထမက ကိုယ့်ကိုကိုယ် ယုံကြည်ဖို့လိုပါတယ်။ ငါဟာ ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့ ငါ့ရဲ့ တိုင်းရင်းသားတွေအတွက်၊ ငါ့ရဲ့အစုအဖွဲ့အတွက် လိုအပ်တဲ့ တိုးတက်မှုတွေကို လုပ်ပေးနိ်ုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို ယုံကြည်ဖို့ လိုပါတယ်။ လက်နက်အားကိုးနဲ့မှ လုပ်နိ်ုင်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လုံ့လ၊ ဝီရိယ၊ ကိုယ့်ရဲ့ စေတနာ၊ ပညာ၊ သတ္တိတွေကို အခြေခံပြီးတော့ လုပ်နိ်ုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိမှ တစ်ခြားဘက်ကို ယုံကြည်ခြင်းနဲ့ စွန့်စားနိုင်မှာ။ ကျွန်မ ခဏခဏပြောပါတယ်။ ဘဝဆိုတာ စွန့်စားခြင်းပဲ။

မနက်မိုးလင်းကတည်းက စွန့်စားခြင်းပဲ။ ကိုယ်ကသာ မသိလို့၊ ဒီမနက် မိုးလင်းပြီ ဆိုရင် ဒီတစ်နေ့တာ ၂၄ နာရီအတွင်းမှာ ကိုယ်ဘာနဲ့ကြုံရမလဲ၊ ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ဘယ်သူမှမသိဘူး။ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရင်ဆိုင်နိုင်တယ်။ ရင်ဆိုင်မယ်။ ရင်ဆိုင်ရမှာပဲ။ ဘဝမှာ ရှောင်လွှဲလို့မရဘူး။ ဖြစ်လာသမျှ တစ်နေ့ထက်တစ်နေ့ ရင်ဆိုင်ရမှာပဲ။ ဒီနေ့ကို မရင်ဆိုင်ပါဘူးဆိုပြီးတော့ ခေါင်းမြီးခြုံနေလို့လည်း ဒီနေ့ကြီးက ပျောက်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်အသက်ရှင်နေသမျှ ဘဝဆိုတာ စွန့်စားမှုပဲ။ အဲဒီတော့ ဘဝဆိုတာ စွန့်စားမှုမို့လို့ အားလုံးကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်နဲ့ တစ်ခြားသူတွေကို ယုံကြည်မှုပေးရမယ်။

ကျွန်မ ခဏခဏပြောပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိ်ုင်းမှာ စိ်တ်ညစ်စရာ အကောင်းဆုံးကိစ္စတစ်ခုကတော့ မနာလို၊ သဝန်တိုတဲ့ စိတ်ဓာတ်တွေ၊ တစတ်ယောက်နဲ့ တစ်ယောက် မနာလို သဝန်တိုတာတွေ၊ အဲဒါကလည်း ကိုယ့်ကိုကိုယ် မယုံကြည်ခြင်းကနေပြီးတော့ ပေါက်ဖွားလာတာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့သူက ဘယ်သူ့ကိုယ်မှ မနာလိုမရှိဘူး။ ကိုယ်က ကြီးကြီးကျယ်ကျယ်ကြီးလည်း ဖြစ်နေစရာ မလိုဘူး။ လယ်သမားတစ်ယောက်ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ လယ်သမားဟာ သူဌေးကြီးကိုလည်း မနာလိုနေစရာ အကြောင်းမရှိဘူး။ ဒီတော့ ယုံကြည်ချက်ဟာ အဓိကပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်လည်း ယုံကြည်ဖို့ လိုပါတယ်” ဟု ဆွေးနွေးဖြေကြားသည်။

နိုင်ငံတော်တိုးတက်ရေးအတွက် ပြောင်းလဲဆောင်ရွက်သင့်သည့် အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားရာတွင် “အခု ကျွန်မတို့နဲ့ ပို့/ဆက်ဝန်ကြီးပါ လာတယ်။ ဒီပို့/ဆက်ဝန်ကြီးက နှစ်ပေါင်းများစွာ မီးရထားဌာနမှာ လုပ်ခဲ့တာ။ အဲဒီတော့ အခု ကျွန်မတို့ရဲ့ မီးရထားအခြေအနေက မကောင်းဘူး ဆိုတာ အားလုံးသိပြီးသားပဲ။ နှေးလည်း နှေးတယ်။ သွားတဲ့ ရထားတွဲတွေကလည်း ထိုင်လို့မကောင်းဘူး။ နောက်ပြီးတော့ ခေါင်းတွဲတွေကလည်း ကောင်းသင့်သလောက် မကောင်းဘူး။ အဲဒါနှစ်ပေါင်းများစွာ ဖြစ်လာတဲ့ကိစ္စ၊ အဲဒီတော့ အခု ဒီလိုရထားတွဲကြီးကို ပြောတဲ့အခါမှာ အခုက ကျွန်မတို့ဟာ စနစ်တစ်ခုကို ပြောင်းဖို့ပေါ့၊ ကျွန်မတို့ စနစ်တစ်ခုကို ပြောင်းဖို့ဆိုတာဟာ နေ့ချင်းညချင်းဖြစ်ဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် တစ်ချိန် လုံးကြိုးစားနေရတယ်။

အခု ကျွန်မတို့ အမြန်ရထား သွားစေချင်တယ်ဆိုရင် အမြန်ရထားက အခု နောက်ဆုံးပေါ် ဂျပန်မှာရှိတဲ့ ကျည်ဆံရထားလိုဟာမျိုး သွားဖို့ဆိုတာ ကျွန်မတို့ရဲ့ လမ်းဟောင်းကြီးပေါ်မှာ လာတင်လို့မရဘူး။ အားလုံးပြန်ပြင်ရတယ်။ ရထားလမ်းတွေလည်း ပြန်ပြင်ရတယ်။ စနစ်ကိုလည်း ပြန်ပြင်ရတယ်။ ခေါင်းတွဲရော၊ နောက်တွဲ တွေကိုရောပေါ့။ ပြီးတော့ ဒီဟာတွေကို မမောင်းနိုင်တဲ့သူတွေကိုလည်း သွန်သင် ပေးရတယ်။ လေ့ကျင့်ပေးရတယ်။ အဲဒါတွေအားလုံး လုပ်ဖို့ဆိုတာ ပိုက်ဆံလိုတယ်။ အဲဒီလိုပဲ လိုအပ်ချက်တွေ အများကြီးပဲ။ ခေါင်းလေးတစ်ခုတည်း တပ်လိုက်ရုံနဲ့ မပြီးသွားဘူး။ ကျွန်မတို့နိုင်ငံတစ်နိုင်ငံမှာ အပြောင်းအလဲလုပ်ဖို့ ဆိုတာဟာ အနောက်ကနေပြီးတော့ ကိုးရို့ကားယား လုပ်နေတဲ့သူတွေကတော့ အမြဲ ရှိမှာပဲ။

ဘယ်သူ့အဖွဲ့အစည်းမှာမှ တစ်ရာရာခိုင်နှုန်း အားလုံး စိတ်တူသဘောတူ ပါလာတယ်ဆိုတာ မရှိနိုင်ဘူး။ ဒါတွေကြောင့် စိတ်ပျက်ဖို့မလိုဘူး။ ကိ်ုယ့်ကိုကိုယ်ပဲ ကိုယ်ပြန်ကြည့်၊ ဒီမိုကရေစီရရှိရေးနဲ့ ပတ်သက်လို့ ကျွန်မ ခဏခဏရှင်းပြပါတယ်။ ဒီမိုကရေစီရရှိရေးနဲ့ ပတ်သက်လို့ တစ်ချို့တွေ မေးကြတယ်။ အရင် ရွေးကောက်ပွဲ မတိုင်ခင်တုန်းကဆိုရင် ဒီမိုကရေစီ ဘယ်တော့ရမှာလဲ။ ကျွန်မက ပြောတယ်၊ ကိ်ုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်၊ ကိုယ် ဒီမိုကရေစီရရေးအတွက် ဘယ်လောက် လုပ်နေလဲ။ ကိုယ်လုပ်သလောက်အပေါ်မှာ အခြေခံပြီးတော့ မြန်မလား၊ နှေးမလား ဆိုတာ ကိုယ့်ဘာကိုယ်ဆုံးဖြတ်၊ ကိုယ်အများကြီး လုပ်ပေးနေရင် မြန်မယ်လို့ ဆုံးဖြတ်၊ ကိ်ုယ်ဘာမှ မလုပ်ပေးဘူးဆိုရင်တော့ နှေးမယ်လို့ဆုံးဖြတ်၊ စိတ်ဝင်စား စရာကောင်းတာက တစ်ကယ် နိစ္စဓူဝလုပ်နေတဲ့သူတွေက ဘယ်တော့မှ ဒီမေးခွန်းမမေးဘူး။ မလုပ်နေတဲ့သူတွေကသာ မေးလေ့ရှိတယ်။

ကျွန်မပြောချင်တာက အားလုံးကနေပြီးတော့ ဘာဝင်ပြီးတော့ လုပ်ပေးနိုင်ပါသလဲဆိုပြီး မေးတာဟာ အင်မတန်မှန်တယ်။ ကိ်ုယ်ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးရမယ်။ တစ်ချို့ကိစ္စတွေကတော့ ကျွန်မတို့ အစိုးရကပြောတဲ့ စကားတွေကို နားထောင်ပြီးတော့ လမ်းကြောင်းပေါ်တယ်။ ဥပမာဆိုရင် ကျွန်မတို့က လူငယ်တွေကို ပါဝင်စေချင်တယ်။ ဒီလို ဆွေးနွေးပွဲမှာ ပါဝင်တာလည်း ငြိမ်းချမ်းရေးအတွက် တစ်နည်းတစ်လမ်းနဲ့ သဲတစ်ပွင့်၊ အုပ်တစ်ချပ် လုပ်ပေးတာပဲ။ ပရိသတ်ရော၊ ဒီမှာလာပြီးတော့ ဆွေးနွေးတဲ့သူတွေရော၊ နားထောင်တဲ့သူတွေလည်း ဒီအထဲမှာပါတာပဲ။ အခု နားထောင်တဲ့လူတွေဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အရင်တုန်းက မစဉ်းစားမိတဲ့ အတွေးအမြင်တွေ ရသွားမယ်။

ဒီဆွေးနွေးပွဲကို နားထောင်လိုက်တဲ့အတွက် ဒီကနေ စဉ်းစားပြီးတော့ ကိုယ့်ရပ် ကိုယ့်ရွာမှာ ငြိမ်းချမ်းရေးစိတ်ဓာတ်တွေ များပြားလာအောင်လို့ ဘယ်လိုလုပ်နိုင်မလဲဆိုတာ စဉ်းစားနေမယ်။ ဒီလိုပဲ လူတိုင်း လူတိုင်းဟာ ငါဘာလုပ်နိုင်လဲ၊ ငါငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ငါဘာပေးနိုင်လဲ ဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီပြဿနာတွေကို ကျွန်မတို့ ကျော်လွှားနိ်ုင်မှာပါ။

စောစောက ပြောသွားသလို ကိုယ့်ရဲ့ ကျောင်းတွင်း ညီညွတ်မှုကို တစ်ခြား ကျောင်းတွေနဲ့ ပြိုင်တဲ့အခါကျတော့ ကျောင်းတွင်း ညီညွတ်သွားတယ်။ တစ်ခြားမြို့တွေနဲ့ ပြိုင်တဲ့အခါကျတော့ မြို့တွင်းညီညွတ်သွားတယ်။ တစ်ခြားတိုင်းတွေနဲ့ ပြိုင်တော့ တိုင်းတွင်းညီညွတ်သွားတယ်။ ဒီလိုပဲ အခုကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုကို ခံနေရတယ်။ အဲဒီတော့ ကျွန်မတို့ အတွင်းညီညွတ်ဖို့လိုတယ်။ ကျွန်မတို့ ညီညွတ်မှ ညီညွတ်မှုအင်အားနဲ့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ်။ ဒါကြောင့် အားလုံး တစ်ယောက်ချင်း ကိုယ်ကနေပြီးတော့ ဘာလုပ်ပေးနိုင်လဲ ဆိုတာ သိချင်တာကိုက လမ်းရဲ့ အစပဲလို့ ဒီလိုပဲ ယူဆပါလို့ ကျွန်မအနေနဲ့ ဒီလိုပဲ တိုက်တွန်းချင်ပါတယ်”ဟု ဖြေကြားသည်။

ယခုအချိန် အဖြစ်ချင်ဆုံး ဆန္ဒအားသိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် “တစ်ခုထဲပြောရမယ်ဆိုရင် ဒါကဆန္ဒပေါ့။ ဆန္ဒဆိုတာ အိပ်မက် လို့လည်း ပြောလို့ရတယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားအားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်သိစိတ်နဲ့ ပြည့်ဝစေချင်တယ်။ အဲဒါရှိပြီဆို ကျန်တာ မလိုတော့ဘူး။

အခု လူတော်တော်များများက ကိုယ့်ရဲ့ အခွင့်အရေးကိုတော့ စိတ်ဝင်စားတယ်။ ကိုယ့်ရဲ့ တာဝန်ကိုတော့ အလေးမထားဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးဟာ တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်သိစိတ်ရှိမယ်ဆိုရင်၊ တာဝန်ကျေချင်တဲ့စိတ်၊ တာဝန်ကို အလေးထားစိတ်ရှိမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တကယ်ကို ယုံမှားသံသယ ရှိစရာလိုဘူး။ ဘယ်စိန်ခေါ်မှုမဆို ကျော်လွှားနိုင်တယ်။ အောင်မြင် နိုင်တယ်။ အနာဂတ်ကို အောင်အောင်မြင်မြင်နဲ့ မျက်နှာမူ နိုင်တယ်။ ကျွန်မကိုယ်တိုင်လည်း ဒီလိုစဉ်းစားတယ်။ ကျွန်မဘဝမှာ ဘာအလိုချင်ဆုံးလဲဆိုတော့ ဘဝဆုံးတိုင်မှာ တာဝန်ကျေခဲ့တယ်ဆိုတဲ့ ကျေနပ်မှုနဲ့ပဲ ဆုံးသွားချင်တယ်။ အများကြီး ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးရချင်တယ်၊ တရားဥပဒေစိုးမိုးရေးရချင်တယ်၊ မြန်မာပြည်သူပြည်သားတွေ ပိုပြီးတော့ ကြိုးစားစေချင်တယ် စသည်ဖြင့် အားလုံးခြုံငုံပြီး တစ်ခုတည်းပြောရရင်တော့ ဖြစ်နိုင်မယ့် ကိစ္စတော့မဟုတ်ပါဘူး။ ဆန္ဒလို့ပြောတာထက် အိပ်မက်လို့ပြောရင်လည်း ရတာပေါ့။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်သိ စိတ်အပြည့်အဝရှိစေချင်ပါတယ်”ဟု ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။

(သတင်းစဉ်)