ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၁)ကြိမ်မြောက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)နှင့် (၁၁၉)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၁၃ အောက်တိုဘာ

           

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး(၁၁)ကြိမ်မြောက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)နှင့် (၁၁၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

 

အခမ်းအနားမစတင်မီသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ သစ်သီးများ ကပ်လှူပူဇော်သည်။

 

4

 

အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် များရွတ်ပွားသရဇ္ဈာယ်သည့် မေတ္တာသုတ်ပရိတ်တရားတော်နှင့် ဘုရား ဂုဏ်တော်များကို နာယူကြည်ညိုကြသည်။

 

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းနှင့် စေတီတော် ဂေါပကအဖွဲ့၏ နာယကအဖွဲ့ဝင်များက ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ အဘိဓမ္မာအခါတော်နေ့ တရားတော်ကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေး ဝေကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

(သတင်းစဉ်)