ဥရောပသို့ ပဲတီစိမ်း စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး သင်တန်းပို့ချ

ရန်ကုန် ၁၂ ဒီဇင်ဘာ 

 

စိုက်ပျိုးရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲတီစိမ်းတင်ပို့သူများပူးပေါင်း၍ အရည်အသွေးမီ မြန်မာ့ပဲတီစိမ်းများ ဥရောပနိုင်ငံများသို့ စဉ်ဆက်မပြတ်ပိုမိုတင်ပို့သွား နိုင်ရေး ရည်ရွယ်ကာ GAP & GHP ( Good Agricultural Practice and Good Highest Practice )  နည်းစဉ်များအတိုင်း ပဲစိုက်တောင်သူများ လိုက်နာဆောင်ရွက်နိုင်ရေးသင်တန်းကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့နယ် မြမြင့်မိုရ်ခန်းမ၌ ကျင်းပသည်။ “ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးမှာ ပဲစိုက်ဧက လေးသိန်းကျော်ရှိတဲ့အနက် သုံးသိန်း ခုနစ်သောင်းလောက်က ပဲတီစိမ်းစိုက်ဧကတွေပါ။ အရည်အသွေးကောင်းတဲ့ မြန်မာ့ပဲတီစိမ်းတွေ အီးယူဈေးကွက်ကို တင်ပို့သွားနိုင်ဖို့ စိုက်ပျိုးရေးဆိုင်ရာလိုက်နာရမယ့် အလေ့အကျင့်ကောင်းတွေကို တောင်သူတွေကို ပညာရှင်တွေက ဟောပြောပို့ချ ပေးခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

အဆိုပါသင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လင်းက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်၏ အရေးပါပုံကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရွှေဖြူက အီးယူဈေးကွက်သို့ ပဲတီစိမ်းတင်ပို့မှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေး စီမံကိန်းညွှန်ကြားရေးမှူး (ငြိမ်း) ဦးသန်းအေးက ဓာတုဆေးဝါး ဓာတ်ကြွင်းများအကြောင်းကိုလည်းကောင်း ဟောပြော ပို့ချကြသည်။

ထို့အပြင် စိုက်ပျိုးရေးပညာရှင် ဒေါက်တာစန်းစန်းဝင်းက စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများအကြောင်းကို လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဆွေဆွေဦးက ပဲတီစိမ်းစိုက်ခင်းများတွင် ကျရောက်တတ်သော ပိုးမွှားများကာကွယ် နှိမ်နင်းရေးအကြောင်းကိုလည်းကောင်း ဟောပြောပို့ချကြသည်။ ရန်ကုန်တိုင်းဒေသကြီးသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများကဲ့သို့ ပဲတီစိမ်းအဓိက စိုက်ပျိုးလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး အရည်အသွေး ကောင်းမွန်သော ပဲတီစိမ်းများ စိုက်ပျိုးထုတ်လုပ်သွားရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ယခု သင်တန်းသို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးရွာပေါင်း ၅၂ ရွာမှ ပဲတီစိမ်းစိုက်တောင်သူ ၃၆၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြင့်စိုး