ဦးအောင်ကြည်ညွန့် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) ရဲ့ သမ္မတဦးဝင်းမြင့်အပေါ်အမြင်

နေပြည်တော် ၂၈ မတ်

 

ဦးအောင်ကြည်ညွန့် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) ရဲ့ သမ္မတဦးဝင်းမြင့်အပေါ် သဘောထားအမြင်ကို အခုလို ပြောပါတယ်-

 

“နိုင်ငံတော်အတွက်ဆိုရင်တော့ အားကောင်းမောင်းသန် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်၊ မျှော်လင့်တယ်။ အဲ့လိုမျှော်လင့်ရတဲ့အကြောင်းက ဘာလဲဆိုတော့ ဦးဝင်းမြင့်ဟာ သူ့ရဲ့ဘဝကို ပြန်ကြည့်ရင် သူဟာ ၁၉၈၈ လူထုရဲ့ အရေးအခင်းကြီးကနေစပြီးတော့ ပေါက်ဖွားလာတယ် ပြီးရင် တစ်လျှောက်လုံး ဖိနှိပ်မှုတွေနဲ့  အကျဉ်းအကျပ်ကြားထဲမှာပဲ  ရှင်သန်ထမြှောက်လာတယ်၊ လက်ရှိအခြေအနေမှာကြတော့ နိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက်ရော နိုင်ငံတော်အတွက်ပါ ကမ္ဘာ့နိုင်ငံတွေရဲ့ အလယ်မှာ သိက္ခာရှိတဲ့ ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကြီးဖြစ်အောင် ကြိုးစားနေတဲ့အခါမှာ အရွေ့တစ်ခုကို စပြီးတော့ တွန်းရွေ့ပေးရမယ့်နေရာမှာ အဲ့ဒီလို တွန်းရွေ့ရင်းနဲ့ ရုန်းကန်သွားနိုင်မည့် သမ္မတကြီးတစ်ယောက်အဖြစ် မြင်တွေ့ရမယ်လို့ ယုံကြည်တယ်၊ မျှော်လင့်တယ်။ 

 

သေချာပေါက် ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါသလား။

 

သေချာပေါက်ပြောင်းလား သေချာပေါက် မပြောင်းဘူးလားဆိုတာတော့ နိုင်ငံရေးမှာ မေးတဲ့အခါမှာ မေးရတာ လွယ်ပေမယ့် ဖြေရတာအလွန်ခက်တယ်၊ ပြောင်းလဲနိုင်မှု ဖြစ်ပေါ်လာဖို့ရန် အတွက် တကယ် ကျားကုတ်ကျားခဲနဲ့ ကြိုးစားအားထုတ်သွားမယ်ဆိုတာတော့ အာမခံတယ်။ အဲ့ဒီအားထုတ်မှုအတိုင်း ပြောင်းလဲမယ် မပြောင်းလဲဘူး ဆိုတာတော့ အခြေအနေအရပ်ရပ်ပေါ်မှာ အများကြီး မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ ဆိုချင်တာက အကြောင်းတရားကိုတော့ ပြောနိုင်တယ် ရလဒ်ကိုတော့ နိုင်ငံရေးမှာ ပြောလို့မရပါဘူး။

 

ပုဂ္ဂိုလ်ရေး  ခံစားချက်အနေနဲ့ရော   ဘာတွေရှိပါသလဲ။

 

ဝမ်းသာပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရဆိုရင် အရင်ကတည်းက လက်တွဲပြီးလုပ်လာတဲ့ အသေးစိတ် အတွင်းသိ အဆင်းသိ ပူးပေါင်းပြီးတော့ ဆောင်ရွက်လာခဲ့တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့လိုဆိုတော့ ဦးဝင်းမြင့်ဟာ ဘယ်လိုအနေအထားရှိတယ်။ ဘယ်အခြေအနေလောက် ရှိတယ်။ ဘယ်တုန်းကတည်းကစပြီး ဘယ်လိုတွေ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်ဆိုတာ ကိုယ်တွေ့လာတဲ့ အတွေ့အကြုံတွေဟာ ယုံကြည်မှုနဲ့ အားထားမှုရှိပါတယ်။

 

တွေ့ဆုံမေးမြန်း- MDN