ဦးနှောက်ဖြင့်ဆင်ခြင် ပြဿနာဖြေရှင်း

ယနေ့ကမ္ဘာကြီး၏ နေရာဒေသအသီးသီးတွင် နေထိုင်ကြသောပြည်သူများ အဖို့ စိန်ခေါ်မှုအမျိုး မျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ တစ်ကမ္ဘာလုံးနှင့် လွှမ်းခြုံလျှင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် ရင်ဆိုင်နေရသည်။ ဒေသအလိုက်ဆိုလျှင် မတည်ငြိမ်မှု များ၊ စစ်ပွဲ များ၊ ဘေးဒုက္ခရောက်မှုများ၊ မြို့ပြဒေသအခက်အခဲများ၊ ဆင်းရဲနွမ်းပါးမှု နှင့် ကျန်းမာ ရေး ပြဿနာများ ကြုံတွေ့နေရသည်။

 

ပြဿနာနှင့်စိန်ခေါ်မှုအမျိုးမျိုးတို့မှာ လျော့ပါးသွားသည်မရှိ တစ်နေ့ တခြား တိုး၍တိုး၍လာ သည်ကို မြင်တွေ့နေရသည်။ ကမ္ဘာ့လူဦးရေ တိုးတက်လာမှုနှင့်အတူ ပြဿနာများ၊ စိန်ခေါ်မှုများမှာ တိုး၍တိုး၍လာ မည်သာ ဖြစ်သည်။ ကြာရှည်လာသော် လူတို့အနေဖြင့် ပြဿနာများနှင့် နေထိုင်မှသာ နေသာထိုင်သာရှိသည့်သဘောပင် ဖြစ်လာကြသည်။ ပြဿနာ ရှိရာ ပြဿနာစုပုံလာ သည့်သဘောအလား ဖြစ်လာသည်။ အမှန်တွင် ပြဿနာများဖြင့် ငြိမ်းချမ်းသာယာသော လူ့ဘောင် လောကကို တည်ဆောက် နိုင်မည်မဟုတ်ချေ။ ပြဿနာကို ဖြေရှင်းနိုင်ခြင်းဖြင့်သာ ငြိမ်းချမ်းသာယာ သော လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

 

အဆိုပါပြဿနာများကို သက်ဆိုင်ရာအစိုးရအဖွဲ့ကသာ ဖြေရှင်းရမည်ဟု အများကမှတ်ယူ ထား သည်။ အမှန်တကယ်တွင် ပြဿနာတို့ကို အစိုးရတစ်ဖွဲ့၊ အဖွဲ့အစည်းတစ်ခုတည်းက အလုံးစုံ ဖြေရှင်း နိုင်မည်မဟုတ် ပေ။ သက်ဆိုင်ရာတို့အနေဖြင့် ပြဿနာတို့ကို ဖြေရှင်းနိုင်မည့် နည်းကောင်း လမ်းမှန်တို့နှင့် စီမံခန့်ခွဲမှုစနစ်တို့ကို ချပြထုတ်ဖော်ဆောင်ရွက်ပေးနိုင်မှု အဆင့်သာရှိသည်။ ပြဿနာတို့ကို ပြည်သူတို့ကသာ အသိတရားဖြင့် ဆင်ခြင်ဉာဏ်ထားကာ လိုက်ပါဆောင်ရွက်နိုင်မှ ပြဿနာဖြေရှင်းရာ ရောက်မည်ဖြစ်သည်။

 

ပြဿနာတို့တွင် အစိုးရတို့က ဖြေရှင်းရမည့်အပိုင်းနှင့် ပြည်သူတို့က ဖြေရှင်းရမည့် အပိုင်းဟူ၍ ရှိသည်။ ပြည်သူမပါ ဘယ်အရာမျှ မပြီးဆိုသကဲ့သို့ ရှေ့ကရှင်း နောက်ကမလိုက်နှင့် လုံးလည်ချာ လည်လိုက်နေကာ ပြဿနာ အပေါ်ပြဿနာဆင့်၍ မဆုံးနိုင်သော ပြဿနာသံသရာတွင် လည်နေမည် ဖြစ်သည်။ မတူညီခြင်းများနှင့် ဖန်တီးထားသော ဤကမ္ဘာတွင် မတူညီသော လူသား များ မည်သို့မည်ပုံပေါင်းစည်းနေထိုင်ခဲ့ကြပုံများတွင် အဖြေရှာကြည့် ရမည် ဖြစ်သည်။ မတူညီခြင်း သည် အဆန်းတကြယ်မဟုတ်ပေ။ မတူညီခြင်း သည် သဘာဝတရားပင်ဖြစ်သည်။ မတူညီခြင်းတွင် အတူနေထိုင်နိုင်ခြင်း သည်သာလျှင် အလွန်ဆန်းကြယ်သော လူသားတို့၏ အလှတရားဖြစ်ပေသည်။

 

ကျွန်ုပ်တို့သည် မတူညီကြသူများနှင့်အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ နေထိုင်နိုင်မည့် နည်းလမ်းများကို ကြိုးစား ရှာဖွေကြရမည်ဖြစ်သည်။ နည်းလမ်းများမှာ ရိုးရှင်းလွန်း ပါပေသည်။ လိုက်နာရမည့်အချက်များမှာ နားလည်မှုပေးခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းပင်ဖြစ်သည်။ ရှောင်ကြဉ်ရမည့်အချက်များမှာ အတ္တမာနများ၊ ဒေါသမောဟများကို လျှော့ချ ဖို့ သာဖြစ်သည်။ ပြဿနာ များတွင် ပျော်မွေ့နေခြင်းသည် မထူးဇာတ်ခင်းခြင်းဖြစ်၍ ငြိမ်းချမ်း သာယာသောဘဝကို မည်သို့မျှတည်ဆောက်နိုင်မည် မဟုတ်ချေ။ သူဖြူလျှင် ငါမည်း၊ သူမည်းလျှင် ငါဖြူ ပြုလုပ်နေရုံမျှဖြင့် မပြီးပေ။

 

ကျွန်ုပ်တို့မြန်မာများအဖို့ ပြဿနာမဖြေရှင်းနိုင်သည့် အကြောင်းရင်း များမှာ ဦးနှောက်ဖြင့် မဖြေရှင်း ဘဲ ရင်ဘတ်နှင့်ဖြေရှင်းနေသောကြောင့် ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားဆုံးဖြတ်ခြင်း မပြုဘဲ စိတ်ခံစား ချက်များဖြင့် ဆုံးဖြတ်ကြ၍ အမှားတွေ့ကြခြင်းဖြစ်သည်။ အချို့ ကိစ္စများ တွင် ကံဇာတာ အကြောင်းမလှ၍ ဘာမျှမဟုတ်သည့် အသေးအဖွဲကိစ္စ နှင့်ပင် ပြဿနာများဖြစ်ကြကာ ဘဝများ ထိခိုက် ပျက်စီးသွားရသည်ကို ကြားသိ နေရသည်။ ယနေ့ကမ္ဘာကြီးတွင် တစ်နေ့ထက်တစ်နေ့ တိုးတက်လာသည် နှင့်အမျှ ရင်ဆိုင်ကြုံတွေ့လာနိုင်သောပြဿနာများကို ဦးနှောက်ဖြင့် ဝိုင်းဝန်း စဉ်းစား အဖြေရှာကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေးလာသော ဤကမ္ဘာ လောကကြီးတွင် မိမိတို့၏ စိတ်ခံစားမှုများကို ရှေ့တန်းတင်ခြင်းဖြင့် ပြဿနာများကိုမည်သို့မျှဖြေရှင်း၍ ရနိုင်မည်မဟုတ်ဘဲ လူသားများ အားလုံး၏ အကျိုးကိုရှေးရှုကာ မတူညီသော ရှုထောင့်များကို အတူပူးပေါင်း လက်တွဲဖြေရှင်းခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်း၍ ရနိုင်မည်ဖြစ်ပါ ကြောင်း။

ကြေးမုံ