ဦးပိန်တံတားပေါ်ရှိ ဇရပ်အမှတ်(၃)တွင် ပန်းဆွဲ၊ ပန်းတောင်းများတပ်ဆင်နိုင်ရန် ခွင့်ပြုချက်တောင်းခံထား

မန္တလေး ၉ မတ် 

 

ဦးပိန်တံတားပေါ်ရှိ ပြန်လည်ပြုပြင်ထားသည့် ဇရပ်အမှတ်(၃)တွင် ရှေးယခင်ပုံစံအတိုင်း ပန်းဆွဲနှင့် ပန်းတောင်းများ ပြန်လည်တပ်ဆင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)သို့ ခွင့်ပြုချက်တောင်းခံထားကြောင်း တောင်မင်းကြီး ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

 

အဆိုပါ ဇရပ်အမှတ်(၃)သည် ဦးပိန်တံတား၏ အလယ်တွင်ရှိခြင်းကြောင့် လေတိုက်မှု အများဆုံးခံရပြီး ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသဖြင့် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ဇန်နဝါရီလမှစ၍ ပြုပြင်ခဲ့ရာ ယခု မတ်လဆန်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

“ဒီဇရပ်ကို ပြန်လည်ပြုပြင်ဖို့ တွက်ချက်တဲ့အခါမှာ ခန့်မှန်းကုန်ကျငွေသိန်း ၉၀ ကို အလှူရှင်တွေက လှူဒါန်းခဲ့ပေမယ့် တကယ်ကုန်ကျတာက သိန်း ၇၀ ကျော်ပဲရှိတယ်။ ဒီဇရပ်မှာ အရင်ကတည်းက ရှိပြီးသားဖြစ်တဲ့ ပန်းဆွဲတွေ၊ ပန်းတောင်းတွေကို ပြန်လည် ထည့်သွင်းချင်တယ်ဆိုတဲ့ အလှူရှင်တွေရဲ့ ဆန္ဒကြောင့် ကျွန်တော်တို့ ဂေါပကအဖွဲ့က ရှေးဟောင်းဌာနကို ခွင့်ပြုချက်တောင်းခံထားပါတယ်။ ခွင့်ပြုရင်တော့ ဇရပ်ပြုပြင်ဖို့ လှူဒါန်းထားတဲ့ လက်ကျန်ငွေ ကနေ သုံးစွဲသွားမှာပါ”ဟု ၄င်းကပြောသည်။

 

ယခုပြုပြင်ထားသည့် ဇရပ်အမှတ်(၃)ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ အင်ဂျင်နီယာများဖြင့် ပြုပြင်ခြင်းဖြစ်ပြီး ပန်းဆွဲ၊ ပန်းတောင်းများ တပ်ဆင်ရန်အတွက် မြန်မာမှုဗိသုကာ အင်ဂျင်နီယာများဖြင့် ဆွေးနွေး တိုင်ပင်လျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် ဇရပ်အမှတ်(၃)အရှေ့ဘက်ရှိ ဦးပိန်တံတားတိုင်များအနက် တံတားကြီးအား တိုင်နှစ်လုံးပူးတွဲ၍ ထောက်ကန်ထားသော တိုင်များကို အမြင်တင့်တယ်စေရန်၊ တိုင်တစ်လုံးတည်းဖြင့် ကြံ့ခိုင် မှုရှိစေရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၏ဘတ်ဂျက်ဖြင့် ပြုပြင်လျက်ရှိကြောင်း ၄င်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)