ဦးပိန်တံတားရှိ တိုင်လုံးနှစ်လုံးမှာ ပြုတ်ထွက်နေပြီး တံတားအား ရိုက်ခက်နေ

မန္တလေး  ၂၇  မန္တလေး


ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဦးပိန်တံတားရှိ တိုင်လုံးနှစ်လုံးမှာ ပြုတ်ထွက်ထွက်နေပြီး ရေရိုက်ခက်မှုကြောင့် တံတားအား ရိုက်ခက်နေကြောင်း တောင်သမန်ငှက်လှေ အသင်းထံက သိရသည်။


မြစ်ရေတက်မှုကြောင့် ဦးပိန်တံတား ကြံ့ခိုင်မှုအခြေအနေများကို နေ့စဉ်အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် စောင့်ကြပ်စစ်ဆေးမှုများ လုပ်ဆောင်နေရကြောင်း သိရသည်။


" တံတားကြံ့ခိုင်မှုအပိုင်းက တော်တော်လေးကောင်းပါတယ်။ ရေမတက်ခင်ကတည်းက ရှေးဟောင်းက လာစစ်ဆေးပြီးပြင်သွားတယ်။ တစ်ခုပဲ လွတ်နေတဲ့ တိုင်လုံးနှစ်လုံးက ရေအရှိန်နဲ့ ရိုက်ခက်ပြီး တံတားကို ဆောင့်နေတာ။ အဲ့လိုဆောင့်တော့ကျတော့ တံတားက တော်တော်လေးလုပ်သွားတာပေါ့။ ရေကျသွားမှပဲ ပြန်ပြင်ရမှာပေါ့ " ဟု တောင်သမန်ငှက်လှေအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးဝင်းက ပြောသည်။


လက်ရှိတွင် မြစ်ရေဝင်ရောက်လာမှုကြောင့် ဦးပိန်တံတားကြမ်းခင်းနှင့် ထိစပ်ရန် လေးပေခန့်သာ လိုတော့သည့်အတွက် တံတားပေါ်တွင် ဖြတ်သန်းသွားလာကြသည့် ခရီးသွားများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန် အင်းအတွင်း၌ ငှက်လှေများဖြင့် လုံခြုံရေး ဆောင်ရွက်ထားကြောင်း သိရသည်။


နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားသည် ကာလကြာမြင့်လာသဖြင့် ဆွေးမြည့်ပျက်စီးလာရာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင်အကြီး ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်း ငါးကြိမ် ပြုလုပ်ခဲ့သည်။


တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ပုဂံမင်းလက်ထက်က အင်းဝမြို့တော်ဟောင်းမှ ကျွန်းတိုင်များဖြင့် အမရပူရမြို့ဝန်ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စားရေးဦးပိန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည်အားဖြင့် ၃၉၈၇ ပေရှည်လျားကာ၊စတင်တည်ဆောက်စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့သည်။ သို့သော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။


သူရိန်လင်း