ဦးပိန်တံတားတွင် အမျိုးသားတစ်ဦး ပြုတ်ကျပြီး ရေနစ်သေဆုံး

မန္တလေး ၃၀ ဇူလိုင်

မန္တလေးမြို့ တောင်သမန်အင်း ဦးပိန်တံတားပေါ်သို့ အမျိုးသားတစ်ဦး ဇနီးဖြစ်သူနှင့်အတူ လာရောက်စဉ် တက်သလိုဖြစ်ပြီး တံတားတိုင်ကိုမှီစဉ် ပြုတ်ကျရေနစ်သေဆုံးမှု ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 


"သူက ပြည်မြို့ကလို့ သိရတယ်။ တိုင်ကိုမှီလိုက်ရာကနေ ပြုတ်ကျပြီးတော့ နစ်တာပါ။ သူကရေမကူးတတ်ဘူးလို့ သိရတယ်။ ခုတော့ ဆယ်တွေ့ပြီးတော့ ဆေးရုံကို ပို့လိုက်ပါပြီ" ဟု တောင်သမန်ငှက်လှေအသင်းမှ  ဥက္ကဋ္ဌဖြစ်သူ ဦးစိုးဝင်းက ပြောသည်။

1

 

မိုးတွင်းကာလအတွင်းတွင် ဦးပိန်တံတားပေါ်၌ ရေတက်ချိန်ဖြစ်၍ ခရီးသွားပြည်သူများ ပြုတ်ကျလိမ့်ကျမှုများ မဖြစ်စေရေးအတွက် တောင်သမန် ငှက်လှေအသင်းမှ ဦးဆောင်ကာ လုံခြုံရေးပေးနေရကြောင်း သိရသည်။

“နာမည်က ဦးအောင်မြင့်ဦး (၄၈)နှစ်၊ မိန်းမနဲ့အတူတူ လမ်းလျှောက်ပြီး တက်သလိုဖြစ်ပြီး တိုင်ကိုမှီလိုက်တာ ပြုတ်ကျပြီးတော့ နစ်သွားတာ။ သေမှုသေခင်း ၁၃ /၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်” ဟု အမရပူရ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးတွင်းကာလအတွင်းတွင် ဦးပိန်တံတားရေတက်ချိန်၌ ပြုတ်ကျလိမ့်ကျမှုများ ဖြစ်ပွားတတ်ပြီး သေဆုံးသူများလည်းရှိကြောင်း သိရသည်။ ဒါ့အပြင် တံတားပေါ်မှ မူးပြီးပြုတ်ကျသူများ၊ ရေနစ်သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။  

လက်ရှိအခြေအနေတွင် တောင်သမန် တံတားသို့ နေ့စဉ် ပြည်တွင်းခရီးသွားဦးရေ ၇၀ဝ ကျော်နှင့် နိုင်ငံတကာ ခရီသွား ၃၀ဝ ကျော် ဝင်ရောက်လည်ပတ်လျက်ရှိပြီး ယခုရာသီ၌ တရုတ်ခရီးသွား အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သူရိန်လင်း

ဓါတ်ပုံ- Nyein Win facebook