Vero နှင့် We Love Yangon ပူးပေါင်းကာ အစားအစာများဝေမျှမည့် “Let's Share a Meal” ပရဟိတ ကမ်ပိန်း စတင် 

ရန်ကုန်၂၇ နိုဝင်ဘာ 

ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ရန်ကုန်မြို့နှင့် အနီးရှိ မြို့နယ်များမှ လူဦးရေ၏ လေးပုံ သုံးပုံကျော်မှာ  အလုပ်အကိုင်များနှင့် ဝင်ငွေများ ဆုံးရှုံးခြင်း၊ ပျမ်းမျှလစဉ်ဝင်ငွေ ပမာဏ သုံးပုံတစ်ပုံခန့် ကျဆင်းသွားခြင်း စသည့်အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး အခြေခံဝင်ငွေ ဆင်းရဲနွမ်းပါးမှုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇွန်လ အတွင်း ၂၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း လေ့လာသိရှိရသည်။ ကမ္ဘာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအရ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ယခင် ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြသည်။ အကျိုးဆက်အားဖြင့် အချို့သော မိသားစုများသည် နေ့စဉ်ပုံမှန်စားနိုင်ရန်နှင့် ရှင်သန်နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်ပင် ရုန်းကန်နေရကြောင်းလည်း သိရသည်။ 

ဤကဲ့သို့ အကျပ်အတည်းကာလအတွင်း အစားအစာ လိုအပ်နေသူများကို ထောက်ပံ့ကူညီရန်အတွက် အာဆီယံအခြေစိုက် Communication အေဂျင်စီတစ်ခုဖြစ်သော Vero ၏ မြန်မာနိုင်ငံရှိ ဝန်ထမ်းများသည် ၎င်းတို့၏ နှစ်စဉ်အပိုဆုကြေးများကို လှူဒါန်းရန် ရွေးချယ်ခဲ့ကြပြီး ၎င်းတို့၏ လှူဒါန်းငွေစုစုပေါင်း ပမာဏကို အေဂျင်စီဘက်မှ ထပ်မံအားဖြည့်လှူဒါန်းကာ အစားအစာ လိုအပ်နေသူများကို ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ လှူဒါန်းမှုပြုလုပ်ရန်အတွက်  “Let’s Share a Meal” ကမ်ပိန်းလှုပ်ရှားဖြင့် လစဉ်လတိုင်း မိသားစုများအတွက် အစားအစာများ လှူဒါန်းနိုင်ရန် စီစဉ်ခဲ့ကြသည်။ ကမ်ပိန်း ထိထိရောက်ရောက် ဖြစ်မြောက်အောင်မြင်ရန်အတွက် ရန်ကုန် အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့ We Love Yangon  နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 

ဤအစီအစဉ်တွင် မိသားစု တစ်စုစာအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာဘူးများနှင့် ခေါက်ဆွဲခြောက် အထုပ်များပါဝင်သည့် အစားအစာများ လှူဒါန်းသွားမည်ဖြစ်သည်။ Vero ၏ စုစုပေါင်းလှူဒါန်းငွေ ပမာဏမှာ ကျပ် ၁၀,၁၄၀,၀၀၀ ဖြစ်ပြီး မိသားစုဝင်ပေါင်း ၆၀၀ အတွက် လုံလောက်စွာ လှူဒါန်းနိုင်ခဲ့သည်။ ဤကမ်ပိန်းမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်အကုန်တွင် အခြားသော ပါဝင်လှူဒါန်းမှုများဖြင့် မိသားစု ၁,၀၀၀ ပြည့်သည်အထိ အစားအစာများ ထောက်ပံ့လှူဒါန်းနိုင်ရန် ရည်ရွယ်ထားသည်။ 

ကန်ပိန်းရည်ရွယ်ချက်မှာ ရန်ကုန်ရှိ ကုမ္ပဏီများ၊  ပြည်သူလူထုများ၊ နာမည်ကြီး ပုဂ္ဂိုလ်များနှင့် မီဒီယာများ အတူတကွ ပေါင်းစည်းပါဝင်ပြီး “Let’s Share a Meal” ကမ်ပိန်းမှတစ်ဆင့် စားဝတ်နေရေး ခက်ခဲနေသည့် ပြည်သူများကို ပံ့ပိုးကူညီနိုင်ရန်ဖြစ်ပြီး ကိုဗစ် - ၁၉ ကာလအတွင်း နိုင်ငံ၏ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ချက်များတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူ ဖြစ်စေရန်ဖြစ်သည်။  ထို့ကြောင့် Vero Myanamr ဝန်ထမ်းများအနေဖြင့် ရန်ပုံငွေများကို စတင်ထောက်ပံ့လှူဒါန်းခဲ့ပြီး အစားအစာလှူဒါန်းမှုများကို ကူညီပံ့ပိုးနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ကုမ္ပဏီများကို လှုံ့ဆော်တိုက်တွန်းရန်အတွက် hash tag အနေဖြင့် #LetsShareaMeal ကို အသုံးပြု လှုံ့ဆော်သွားမည်ဖြစ်သည်။   

ကမ်ပိန်း၏ နာမည်ဖြစ်သည့် LetsShareaMeal သည် “အစားအစာတွေကို မျှဝေပေးကြရအောင်” ဟု အဓိပ္ပါယ်ရပြီး မိမိတွင် လုံလောက် ပိုလျှံနေသော အစားအစာများ သို့မဟုတ် ငွေကြေးတို့ကို အစားအစာ မလုံလောက်သောသူများကို ဝေငှလှူဒါန်းစေရန်ဖြစ်သည်။ မိသားစုများထံ ပေးပို့ရာတွင် ကူညီပေးသွားမည့် We Love Yangon အဖွဲ့သည်လည်း အတွေ့အကြုံရှိသော စေတနာ့ဝန်ထမ်းများက ဦးဆောင်စီမံထားခြင်းကြောင့် လှူဒါန်းမှုများသည် အလေအလွင့်မရှိဘဲ အမှန်တကယ် လိုအပ်နေသော အိမ်ထောင်စုများသို့ ပေးပို့ထောက်ပံ့သွားနိုင်မည်ဖြစ်သည်။ 

 Vero Myanmar Team ထဲက ဘယ်သူကမှ မကန့်ကွက်ဘဲ အဖွဲ့သားတွေအားလုံး အတူတူ ပူးပေါင်းပြီး အခုလို လှူဒါန်းဖို့ ဆုံးဖြတ်ချက်ချလိုက်တာကို ဝမ်းသာမိကြောင်း၊ အခုလို ဒီလှုပ်ရှားမှုမှာ ပါဝင်ရတဲ့အတွက်လည်း ဂုဏ်ယူမိကြောင်း၊  ပြန်လည်ထူထောင်ရေးလုပ်ငန်းရဲ့ အခြေခံတစ်ခုဖြစ်တဲ့ အစားအသောက် လုံလုံလောက်လောက် ရဖို့ကိုလည်း အဓိကထား ကူညီလုပ်ဆောင်ပေးသင့်တယ်လို့ ယူဆကြောင်း၊ ကိုယ့်မှာ ပိုလျှံနေတဲ့ အစားအစာတွေကို မလုံလောက်သူအတွက် မျှဝေပေးဖို့လည်း တိုက်တွန်းလိုကြောင်း  Vero  Myanmar မှ Strategic Director ဖြစ်သူ မြသစ္စာသန်းက ပြောကြားခဲ့သည်။ 

We Love Yangon အဖွဲ့သည် ၂၀၀၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရန်ကုန်မြို့ရှိ ပရဟိတ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဒေသခံပြည်သူများ၏ ဘဝတိုးတက်စေရန်နှင့် လူ့အဖွဲ့အစည်းအတွင်း အဓိပ္ပါယ် ပြည့်ဝသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန်ဖြစ်သည်။ အသင်းကို YCDC ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ် အခမဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပူးတွဲတည်ထောင်သူတစ်ဦးလည်းဖြစ်သည့် ဆရာမ ဒေါ်သန်းမြင့်အောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။  ကိုဗစ် - ၁၉ ကူးစက်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း We Love Yangon အနေဖြင့် ရန်ကုန် ဆင်ခြေဖုံးရှိ ဘုန်းကြီးကျောင်း၊ မယ်သီလရှင်ကျောင်းများ၊ ဆေးရုံများနှင့် အကူအညီ လိုအပ်နေသော မိသားစုဝင်စုစုပေါင်း ၄ သောင်းကျော်ထံသို့ အစားအစာ လှုဒါန်းထောက်ပံ့မှုများကို စေတနာ့ဝန်ထမ်းများ၏ လုပ်အားများဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်သည်။ 

"ရန်ကုန်မြို့မှာ Lockdown တွေ စပြီး ထုတ်ပြန်ကတည်းက We Love Yangon အနေနဲ့ အခြေခံ စားသောက်ကုန် လိုအပ်နေသူတွေအတွက် အဆင်ပြေပြေ ရရှိနိုင်ဖို့နဲ့ ရန်ကုန်မြို့အတွင်းမှာ စားသောက်ကုန် ကုန်ဈေးနှုန်းတက်တာတွေ မဖြစ်အောင် စားသောက်ကုန် ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး ဖြန့်ဖြူးလုပ်ကိုင်ခဲ့တယ်။ We Love Yangon မှာ နှစ်ဝက်ကျော် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်ခွင့်ရတာ ကျွန်မအတွက် ထူးခြားတဲ့ အခွင့်ထူးဖြစ်ခဲ့တယ်။ အခုလို Let's Share a Meal ကမ်ပိန်းမျိုးကလည်း We Love Yangon အတွက် တကယ်ကို ကောင်းမွန်တဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်” ဟု အကယ်ဒမီအေးမြတ်သူ က ပြောသည်။ 

ကုမ္ပဏီနှင့် အဖွဲ့အစည်းများအနေနှင့် မိသားစုပေါင်း ၂၅ စုစာအတွက် တစ်လစာ စားစရိတ် လှူဒါန်းငွေပမာဏ ကျပ် ၅ သိန်း ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ပြီး မိသားစုဝင်ပေါင်း ၅၀၀ အတွက် တစ်လစာ စားစရိတ် လှူဒါန်းငွေပမာဏ ကျပ်သိန်း ၁၀၀ ဖြင့် လှူဒါန်းနိုင်မည်ဖြစ်သည်။  

ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် We Love Yangon သို့မဟုတ် Vero သို့ ဖုန်း - ၀၉ ၅၄၀ ၃၁၄၅ မှ တစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်သည်။ Vero သို့ ရောက်ရှိလာသော လှူဒါန်းမှုများကိုလည်း We Love Yangon သို့ လွှဲပြောင်း ပေးအပ်လှူဒါန်း ပေးသွားမည်ဖြစ်သည်။

အာကာစိုး