'ဝ' တိုင်းရင်းသားတို့အကြောင်း သိကောင်းစရာ

မိုင်းနော်ရိန်း(လူမှုဘဝ)

 

သမိုင်းကြောင်း

 

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံရှိပြီး ထိုတိုင်းရင်းသားပေါင်းစုံတို့ ပြောဆိုကြသော ဘာသာစကား အုပ်စုအလိုက် အစုကြီးနှစ်စုကို တွေ့ရှိရသည်။ ယင်းတို့မှာ ရှေးကျသော တောင်ပိုင်းအစုကြီးဖြစ်သည့် ဩစတြစ်အစုကြီးနှင့် မြောက်ပိုင်းဩစတြစ်တွင် အစုနှစ်စုကွဲနေကြောင်း တွေ့ရှိရသည်။ ၎င်းတို့မှာ ဩစတြိုအေရှအစုခွဲတို့ ဖြစ်ကြသည်။ ဩစတြိုအေရှအစုခွဲတွင် မွန်၊ တအာင်း (ပလောင်)၊ ယင်းနက်(ရိယန်)၊ ဒနောနှင့် 'ဝ' တိုင်းရင်းသားများ ပါဝင်ကြသည်။ တစ်နည်းအားဖြင့် ယင်းလူမျိုးများသည် မွန်-ဗမာစကား ပြောဆိုသည့် ဩစတြိုအေရှအနွယ်ဝင်များ ဖြစ်ကြသည်။

 

'ဝ' လူမျိုးတို့သည် အရှေ့အာရှအလယ်ပိုင်း မွန်ဂိုကုန်းမြင့်တွင် စတင်နေထိုင်ခဲ့ကြသည်။ ရေကြည်ရာ မြက်နုရာ ရှာဖွေရွှေ့ပြောင်းခဲ့ရာမှ တရုတ်နိုင်ငံတောင်ပိုင်း ယန်စီမြစ်ဝှမ်းသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ ကာလအတန် ကြာသောအခါ အလုံးအရင်းဖြင့် စီးဆင်းဝင်ရောက်လာကြပြန်သည်။ မွန်-ခမာ မျိုးနွယ်တို့သည်လည်း အနောက်ဘက်နှင့် အနောက်တောင်အရပ်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းဆင်းသက်လာကြကာ မြန်မာ၊ လော၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယနိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ကြသည်။ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံအတွင်းသို့ ရှေးအကျဆုံး ဝင်ရောက်လာကြသော မွန်-ခမာ အစုကြီးတွင် 'ဝ' မျိုးနွယ်တို့ ပါဝင်ကြသည်။

 

မြန်မာနိုင်ငံအတွင်းသို့ ဆင်းသက်လာကြသော မွန်-ခမာအုပ်စုထဲမှ မွန်၊ တအာင်း (ပလောင်)၊ 'ဝ'တို့သည် ဧရာဝတီ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိခဲ့ကြသည်။ ထိုဒေသတွင် မွန်-ခမာတို့ထက် ဦးစွာရောက်ရှိနေထိုင်ခဲ့သော နီဂရစ်တိုအနွယ်ဝင် ဆလုံလူမျိုးတို့ထံမှ မတူညီသည့် ယဉ်ကျေးမှုကို ဆက်ခံရယူနိုင်ခဲ့သည်။ ထိုသို့ဖြင့် ရေကြောင်းပညာရပ်များနှင့် စိုက်ပျိုးရေးပညာရပ်များကိုလည်း ထပ်မံရရှိ ခဲ့ကြသည်ဟု ခန့်မှန်းကြသည်။ မွန်-ခမာ အုပ်စုတို့သည် နီဂရစ်တိုတို့ကို တောင်ဘက်သို့ ဖယ်ရှားမောင်းထုတ်ပြီး ထိုဒေသတွင် အခြေပြု၍ နေထိုင်ခဲ့ကြသည်။

 

'ဝ'တိုင်းရင်းသားများသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တောင်တန်းဒေသများတွင် အခြေစိုက်နေထိုင်ကြသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းမှ ယူနန်နယ်စပ်ကြား ဒေသသည် 'ဝ'တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ကြသော ဒေသဖြစ်သည်။ 'ဝ'ဒေသတွင် မြေပြန့်လွင်ပြင်မှာ မရှိသလောက်နည်းပါးပြီး တောင်ကုန်းတောင်တန်းများ၊ လျှိုမြောင်များ ထူထပ်သောဒေသဖြစ်သည်။ 'ဝ'ဒေသတွင် မြောက်မှတောင်သို့ ဖြတ်၍စီးဆင်းသော အထင်ရှားဆုံးမြစ်မှာ သံလွင်မြစ်ပင်ဖြစ်သည်။

 

'ဝ'တိုင်းရင်းသားတို့၏ယုံကြည်ကိုးကွယ်မှု

 

'ဝ' တိုင်းရင်းသားတို့၏ ပထမဆုံးကိုးကွယ် ယုံကြည်မှုသည် နတ်ကိုးကွယ်ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ အချို့သော ဘာသာမဲ့လည်း ရှိကြသည်။ 'ဝ'တိုင်းရင်းသားများသည် ရှေးယခင်က တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြစ်ချောင်းအင်းအိုင်စောင့်နတ်များကို ပူဇော်ပသခဲ့ကြသည်။ ညောင်ပင်ကြီးများတွင် နတ်ရှိသည်ဟူသောအစွဲဖြင့် ညောင်ပင်၌ နတ်တင်သော အလေ့အထရှိခဲ့ကြသည်။ စပါးသီးနှံများ အောင်မြင်စေရန်အတွက် လူခေါင်းကိုဖြတ်၍ နတ်ပူဇော်သော အလေ့အထရှိခဲ့သည်။

 

'ဝ'ဒေသတွင်ရှိသော ဘာသာတစ်ခုမှာ လီဆိုင်းမတ် (Li Sai Mak) နတ်ဗုဒ္ဓဘာသာ ဖြစ်သည်။ ထိုဘာသာဝင်များသည် နောင်ပွင့်လာမည့် အရိမေတ္တေယျဘုရားအား စောင့်မျှော်နေကြောင်း ယုံကြည်ကြသည်။ ထိုဘာသာကို ရှင်သန်ကြီးထွားစေရန်အတွက် Tax Cao Tie က ဦးဆောင်ခဲ့သည်။ ဗုဒ္ဓသာသာသည်လည်း 'ဝ'ဒေသတွင် ထွန်းကားလျက်ရှိသည်မှာ နှစ်ပေါင်း ၁ဝဝ ကျော်ရှိခဲ့သည်။ ယခင်က ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားရန်အတွက် Tax Cao Myiex ကျောက်ဘုရားထန်းက ဆက်လက်ဦးဆောင် ကြိုးပမ်းခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်အစိုးရသည် တောင်တန်းသာသနာပြု ဌာနမှ 'ဝ'နယ်အား အထူးခရိုင်အဖြစ်သတ်မှတ်၍ 'ဝ'နယ်မြောက်ပိုင်းရှိ တပ်ထိန်း၊ မန်ဆိုင်၊ ကောင်းကြည်၊ မိုင်းမောနှင့် ဝါးခ ခြောက်ဌာနသို့ သာသာနာပြုဘုန်းကြီးများကို စေလွှတ်ခဲ့သည်။ 'ဝ'တိုင်းရင်းသားတို့သည် နတ်ကိုးကွယ်ရာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြရာတွင် တစ်ဦးချင်းပြောင်းလဲ ခြင်းများရှိသကဲ့သို့ ရွာလုံးကျွတ်ပြောင်းလဲခဲ့သည်များလည်း ရှိသည်။ 'ဝ'တိုင်းရင်းသားများသည် ခရစ်ယာန်ဘာသာကို စတင် လက်ခံခဲ့သည်မှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီဖြစ်သည်။

 

'ဝ' တိုင်းရင်းသားတို့၏ စာပေနှင့်ဘာသာစကား

 

မွန်၊ 'ဝ'၊ တအာင်း(ပလောင်)တို့သည် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် ရှေ့ပြေးလူမျိုးများဖြစ်ကြသဖြင့် 'ဝ'စကားမှာ မွန်ပြည်နယ်ရှိ မွန်လူမျိုးနှင့်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ တအာင်း (ပလောင်) လူမျိုးတို့နှင့်လည်းကောင်း တူညီကြသည်။ 'ဝ'နှင့် တအာင်း(ပလောင်)စကားမှာ ကွဲပြားမှုသိပ်မရှိလှဘဲ နီးစပ်မှုရှိကြောင်း၊ မွန်နှင့် 'ဝ'တို့မှာမူ လေယူလေသိမ်းချင်း တူညီကြောင်း တွေ့ရှိရသည်။

 

'ဝ'တိုင်းရင်းသားတို့တွင် ရှေးယခင်က ကိုယ်ပိုင်စာပေ များရှိခဲ့ကြပြီး နွားသားရေများ၊ ခေါပုတ်များပေါ်တွင် ရေးသားမှတ်တမ်းတင်လေ့ရှိကြသည်။ 'ဝ'တိုင်းရင်းသားတို့၏ ရှေးဦးစာပေများ ပျောက်ကွယ်ခဲ့ပြီးသည့် နောက်ပိုင်း နှစ်ပေါင်းကာလအတန်ကြာသည်အထိ ကိုယ်ပိုင်စာပေယဉ်ကျေးမှုသမိုင်းမှာ ဆက်လက် တိမ်ကောပျောက်ကွယ်နေခဲ့ပြီး နယ်မြေဒေသနီးစပ်မှုအပေါ် အခြေတည်၍ ရှမ်းစာပေနှင့်အလားတူ စာပေများကိုသာ အခါအားလျော်စွာ အလျဉ်းသင့်သလို အသုံးပြုလာခဲ့ကြောင်း သိရှိရသည်။

 

၁၉၃ဝ ပြည့်နှစ်တွင် ဗစ်စင်ရန်းနှင့်ဇနီး ဗီးယာရန်းတို့သည် 'ဝ'တိုင်းရင်းသား ခရစ်ယာန်သာသနာပြုဆရာတော် ဦးယောရှုချင်းနှင့်အတူ လားဟူစာပေကို အခြေခံ၍ 'ဝ' စကားဖြင့်ပေါင်းစပ်ကာ လက်တင်ဘာသာအက္ခရာမှ 'ဝ'ဘာသာအက္ခရာကို ဗျည်း ၂၆ လုံး၊ သရ ၁၃ လုံး၊ စာလုံးပေါင်း ၃၉ လုံးတို့ဖြင့် 'ဝ'စာပေကို စတင်စမ်းသပ်တီထွင်ခဲ့သည်။ 'ဝ'စာပေကို ၁၉၃ဝ ပြည့်နှစ်မှ ၁၉၉ဝ ပြည့်နှစ်အထိ နှစ်ပေါင်း ၆ဝ ကြာ အထက်ပါ ဗျည်းနှင့်သရ ၃၉ လုံးကို အသုံးပြုလာခဲ့ရာ အသံထွက်လိုအပ်ချက်အရ ဗျည်း ၂၆ လုံးကို (X)နှင့်Q(ဂါ့)နှစ်လုံးကို 'ဝ'စာပေအဖွဲ့မှ ထပ်မံဖြည့်ဆည်းခဲ့သဖြင့် ဗျည်း ၂၈ လုံးနှင့် သရ ၁၃ လုံး စုစုပေါင်း ၄၁ လုံးဖြင့် ဆက်လက်အသုံးပြုခဲ့သည်။

 

အမည်နာမမှည့်ခေါ်ခြင်း

 

'ဝ'တိုင်းရင်းသားတို့၏ အမည်မှည့်ခေါ်ပုံစနစ်မှာ အခြားတိုင်းရင်းသားများကဲ့သို့ပင် အမည်ကို ကြီးစဉ်ငယ်လိုက်စီ၍ အမည်ပေးတတ်ကြသည်။ 'ဝ' တိုင်းရင်းသားတို့သည် နာမည်၏ရှေ့စကားလုံးမှာ ကြီးစဉ်ငယ်လိုက်စီ၍ အမည်များဖြစ်ပြီး ကျန်းစကားအမည်များမှာ နေ့၊ နံနှင့် ကိုက်ညီသော အမည်စကားလုံးများကိုတွဲ၍ နာမည်ပေးကြသည်။ ကလေးငယ်မွေးဖွားပြီး နှစ်ရက်၊ သုံးရက်(သို့) တစ်လသားအချိန်ထိ ရွာအတွင်းရှိ လူကြီးသူမများ၊ နတ်ဆရာများ၊ ဓမ္မဆရာများ၊ ဘုန်းကြီးများ၊ ကလေးငယ်နှင့် အမျိုးတော်စပ်သော ဦးကြီး၊ ဦးလေး၊ အဒေါ် စသည်တို့က ကလေးငယ်ကို အမည်ပေးလေ့ရှိကြသည်။ မိဘရင်းများသည် မိမိမွေးသောကလေးများကို နာမည်မပေးရကြောင်း သိရှိရသည်။

 

ကလေးများသောမိဘများသည် ၎င်းတို့၏ ကလေးငယ်များကို ကြီးစဉ်ငယ်လိုက်အမည်များပေးပြီး အစဉ်လိုက် အမည်များကုန်ဆုံးသွားပါက အစမှပြန်၍ပေးနိုင်သည်။ 'ဝ'တိုင်းရင်းသားများသည် သားသမီးလေး၊ ငါးယောက်မွေးဖွားပြီး တစ်ဦးတစ်ယောက်မျှ မသေဆုံးပါက နောက်ထပ် မွေးဖွားသော သားသမီးများကို ၎င်းတို့အိမ်တွင်မထားရဘဲ အမျိုးတော်စပ်သူတစ်ဦးဦးသို့ သွားရောက်ပြီး မွေးစားခွင့် ပေးသည့်သဘော၊ ရောင်းပေးသည့်သဘောဖြင့် အခကြေးငွေ အနည်းငယ်ယူကာ ပေးရသည်။ အမည်ပြောင်းခေါ်ဆိုရာတွင် နှစ်ကြိမ်၊ သုံးကြိမ်ထိ ပြုလုပ်ပေးနိုင်သည်။ အမည်ပြောင်းပေးနိုင်သည်။ နာမည်ပြောင်းရခြင်းမှာ ကလေးငယ် အငိုမရပ်၍လည်းကောင်း၊ မကြာခဏနာမကျန်းဖြစ်ခြင်း၊ ချူချာနေ၍လည်းကောင်း စသည်တို့ကြောင့် နာမည်ပြောင်းပေးရသည်။ နာမည်ပြောင်းခေါ်ဆိုရာတွင် အနီးနားပတ်ဝန်းကျင်ရှိ နတ်ဆရာများ၊ လူကြီးမိဘများကို ပင့်ဖိတ်ပြီး နာမည်ပြောင်းလေ့ရှိသည်။

 

'ဝ'တိုင်းရင်းသားများသည် သားယောကျာ်းများနှင့် သမီးမိန်းကလေးများကို အမည်ပေးရာတွင် နာမည်၏ ရှေ့ဆုံးအမည်ကို သတ်မှတ်ထားသော စည်းမျဉ်းရှိသည်။

 

'ဝ'တိုင်းရင်းသားအမျိုးသားများ၏ နာမည်ရှေ့တွင်-

 

(၁) ပထမ အိုက်

 

(၂) ဒုတိယ ညီ

 

(၃) တတိယ ဆမ်

 

(၄) စတုတ္ထ ဆိုင်း

 

(၅) ပဉ္စမ ငို့

 

(၆) ဆဋ္ဌမ လုတ်

 

(၇) သတ္တမ ကျက်

 

(၈) အဋ္ဌမ ဂျစ်

 

'ဝ'တိုင်းရင်းသား အမျိုးသမီးများ၏ နာမည်ရှေ့တွင်-

 

(၁) ပထမ ယေ့

 

(၂) ဒုတိယ အီ

 

(၃) တတိယ အမ်း

 

(၄) စတုတ္ထ အုပ်

 

(၅) ပဉ္စမ အက်

 

(၆) ဆဋ္ဌမ အစ်ပ်

 

(၇) သတ္တမ အူး

 

(၈) အဋ္ဌမ အွိ

 

'ဝ'ရိုးရာသစ်စည်(Krawg )နှင့် တူရိယာများ

 

'ဝ'တိုင်းရင်းသားတို့တွင် ရှေးရိုးရာတူရိယာ ၁ဝ မျိုး ရှိသည်။ ၎င်းတို့မှာ ကရောက်(Krawg) ခေါ် သစ်စည်၊ ဗြန်း(Byaong) ခေါ် ဘူးဝါးပလွေ၊ ပီး(Shiao)ခေါ် ရိုးရိုး ပလွေ၊ လော့ကလဲ(Lawkel) ခေါ် ဘေးဘက်မှမှုတ်ရသော ပလွေ၊ ကွန်း(Kawng) ခေါ် အိုးစည်၊ ကလောင်မောင်း (Klawng Mawng) ခေါ် မောင်း၊ ချမ်း(Chang) ခေါ် လင်းကွင်း၊ တွက်(Teet) ခေါ် ကျွဲချိုနှင့် ရမ်း(Rhaung) ခေါ် လက်ဖြင့်ခတ်၍ ပါးစပ်မှမှုတ်ရသော တူရိယာနှင့် ပီးလှ(Pi Lhax) သစ်ရွက်မှုတ်တူရိယာတို့ ဖြစ်သည်။

 

အထက်ပါတူရိယာများအနက် 'ဝ'တိုင်းရင်းသားတို့ အလေးအနက်အထားဆုံးနှင့် ရှေးအကျဆုံးသော တူရိယာမှာ ကရောက်(Krawg) ခေါ် သစ်စည်ဖြစ်သည်။ သစ်စည်ကို ပြုလုပ်နိုင်ရန်အတွက် နတ်ဆရာက ကြက်ဥတစ်လုံးနှင့် အမွေးနုကြက်ပေါက်စကလေးကို လည်လှီးပြီး ကြက်ရိုး ဗေဒင်ကြည့်ကာ ရွေးချယ်သတ်မှတ်ပေးသော အပြစ်အနာ ကင်းသည့် သစ်ယားပင်ကို ခုတ်လှဲရသည်။ သစ်ယားပင်ကိုသာ ပြုလုပ်ရခြင်းဖြစ်သည်။ သစ်ပင်ခုတ်လှဲပြီးပါက ကြက်ဖအနီ၏ သွေးဖြင့်ပက်ဖျန်းပြီး လိုအပ်သလိုဖြတ် တောက်ရသည်။ သစ်စည်ကို ထွင်းချင်သည့်အချိန်တွင် ထွင်းခွင့်မရပါ။ ထွင်းလိုသူတိုင်းလည်း ထွင်းခွင့်မရှိပါ။ ရွာခေါင်းများ၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့်ရှိသည်။ သစ်စည်မှာ ပုံမှန်အားဖြင့် အရှည် ငါးပေ၊ လုံးပတ် သုံးပေရှိသည်။ ကရောက်(သစ်စည်)ကို ရန်သူများ မိမိရပ်ရွာသို့ အန္တရာယ်ပြုရန်လာသည့်အခါတွင် စုပေါင်းခုခံရန် အချက်ပေးခြင်း၊ နတ်ပူဇော်သည့်အခါနှင့် ခေါင်းဖြတ်ရန် အချိန်ကျသည့်အခါတွင်လည်း တီးလေ့ရှိသည်။ ထို့အပြင် အောင်မြင်သည့်အခါများနှင့် နတ်ပူဇော်ပသရန် အခါတော် ပေးသည့်အခါများတွင်လည်း တီးလေ့ရှိကြသည်။ စစ်ရှုံးသည့်အခါမျိုးတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖြည်းညင်းစွာတီးလေ့ရှိသည်။ ဘူးဝါးပလွေနှင့် ရိုးရိုးဝါးပလွေများကို ညလုံးပေါက်ကသည့် မြေဝိုင်းအကများတွင် မှုတ်ခြင်းနှင့် လူပျို၊ အပျိုလှည့်သည့်အချိန်များတွင် အသုံးပြုလေ့ရှိကြသည်။

 

'ဝ'ရိုးရာအထိမ်းအမှတ်ဖြစ်သည့်ကျွဲချို အမှတ်တံဆိပ်

 

'ဝ'တိုင်းရင်းသားတို့၏ အထိမ်းအမှတ်မှာ ကျွဲချိုဖြစ်သည်။ အောင်မြင်မှု ပွဲလမ်းသဘင်အခမ်းအနားများတွင် ကျွဲကိုသတ်ပြီး ပူဇော်ကြသောကြောင့် ကျွဲချိုကို အထိမ်းအမှတ်အဖြစ် ထားရှိခြင်းဖြစ်သည်။ တစ်ရွာနှင့်တစ်ရွာ ကတိသစ္စာပြုပွဲများတွင် ကျွဲကိုသတ်ပြီးပြုလေ့ရှိသည်။ ကျွဲကိုသတ်သည့်အခါ၌ လည်မလှီးရပေ။ လက်ပြင်မှ လှံဖြင့်နှလုံးသို့ပေါက်အောင် ထိုးသတ်ခြင်းဖြစ်သည်။ ကျွဲအိုကြီးများကိုမသုံးဘဲ အသက်ငါးနှစ်ထက် မကျော်သော ကျွဲပေါက်ကိုသာ အသုံးပြုကြသည်။ နားရွက်အနောက်ဘက် နဖူးအလယ်၊ ကျောကုန်းအလယ်၊ ကုပ်ပိုးနှင့် လည်ပင်းတို့တွင် ဗွေပါရှိသောကျွဲကို ကျွဲကောင်းဟု သတ်မှတ်ကြသည်။ ဦးခေါင်းထိပ်၊ တင်ပါး၊ ဘို့နှင့် ရင်အုပ်တို့တွင် ဗွေပါရှိပါက မကောင်းသောကျွဲဟု သတ်မှတ်ကြသည်။ ဦးချိုမကောင်းသောကျွဲကိုလည်း မမွေးအပ်သော ကျွဲအဖြစ် သတ်မှတ်ကြသည်။ အထိမ်းအမှတ်ပွဲများ၊ အလှူအတန်း မင်္ဂလာဆောင်နှင့် နတ်တင်ရာတွင် အပြစ်အနာအဆာကင်းသော ကျွဲကောင်း၊ ကျွဲပေါက်ဖြစ်ရမည့်အပြင် ဦးချိုမှာလည်း လှပရမည်။ ကောက်ကွေ့ခြင်း၊ လှုပ်နေခြင်းမျိုး မဖြစ်ရပေ။ အချို့ကျွဲများကို တွက်(Teet)ခေါ် ကျွဲချိုမှ တူရိယာအဖြစ် အသုံးပြုတတ်ကြသည်။ အဆိုပါ တွက် ခေါ် ကျွဲချိုမှုတ်သံကို ကျားများက ကြောက်ရွံ့လေ့ ရှိသဖြင့် 'ဝ'တိုင်းရင်းသားများက နွားကျောင်းသွားသည့်အခါများတွင် အသုံးပြုမှုတ်လေ့ရှိသည်။ သို့ရာတွင် ၎င်းကျွဲချိုကို နွေဘက်မှသာမှုတ်လေ့ရှိပြီး မိုးတွင်းကာလတွင် အသုံးပြုလေ့မရှိပေ။ ယခုအချိန်အထိ 'ဝ'တိုင်းရင်းသားများသည် ကျွဲချိုအမှတ်တံဆိပ်ကို အိမ်အဝင်အမိုးထိပ်တွင်လည်းကောင်း၊ အိမ်ခေါင်မိုးတွင် လည်းကောင်း၊ ဈေးဆိုင်ခန်းများ၏ ဆိုင်းဘုတ်တွင် လည်းကောင်း၊ 'ဝ'ရိုးရာပြက္ခဒိန်များတွင် လည်းကောင်း၊ 'ဝ'အမျိုးသားအင်္ကျီဝတ်စုံများတွင် လည်းကောင်း၊ အထိမ်းအမှတ်တံဆိပ်အဖြစ် အသုံးပြုကြကြောင်း သိရသည်။