ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

“သန္ဓေတောထွက် ဓမ္မစက် တန်ခိုးပြာဋိဟာ” ဟူသော ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ထူးမြတ်သောဖြစ်စဉ်လေးမျိုးသည် ဤဝါဆိုလပြည့်နေ့တွင်ဖြစ်ပေါ်ခဲ့သည်။ ဘုရားအလောင်းတော်သည် ဘဝများစွာ သံသရာတွင်ပါရမီအမျိုးမျိုးဖြည့်ကျင့်ပြီးနောက် တုသိတာနတ်ပြည်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့၌ မယ်တော်မာယာ ဝမ်းကြာတိုက်၌ ပဋိသန္ဓေနေပြီး သိဒ္ဓတ္ထမင်းသား ဖြစ်လာသည်။

ထို့နောက် သက်တော် ၂၉ နှစ်အရွယ်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် မဟာသက္ကရာ ဇ်၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့၌ တောထွက်၍ ရဟန်းပြုတော်မူသည်။ သိဒ္ဓတ္ထမင်းသားသည် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဣသိပတန မိဂဒါဝုန်တော၌ ပဥဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဦးကို ဟောတော်မူ၏။ ထိုနေ့သည် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်လေ၏။

သိဒ္ဓတ္ထမင်းသားဘုရားဖြစ်တော်မူပြီးနောက် ကပိလဝတ်ပြည်နိဂြောဓာရုံဥယျာဉ်ကျောင်းတော်သို့ ခမည်းတော် သုဒေ ̈ါဒနမင်းကြီးနှင့်သာကီဝင် ဆွေတော်မျိုးတော်အကြီးအကဲတို့က ပင့်ဆောင်ကြိုဆိုကြသည်။ ဆွေတော်မျိုးတော်တို့သည် မိမိတို့၏တူသားအရွယ် ငယ်သောဘုရားရှင်အား ဦးချကန်တော့ရန် ဝန်လေးနေကြ၏။ ထိုအခါ ဘုရားရှင်သည် ရေမီး အစုံစုံတန်ခိုးပြာဋိဟာတို့ကိုပြတော်မူ၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ မာနကို ပယ်ချတော်မူသည်။

ဝါဆိုလပြည့်နေ့၏ အနှစ်သာရမှာ ဓမ္မစကြာတရားဦးဖြစ်သည်။ ဓမ္မစကြာတရားမှာ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့ သိရှိပြီးဖြစ်မည်။ ထို့ကြောင့် တရား၏မြစ်ဖျားခံရာ ကိုသာ ဗဟုသုတအဖြစ် သိရှိမှတ်သား ထိုက်သည်။ ဓမ္မစကြာဟုခေါ်တွင်သော ဓမ္မစက္ကပဝတ္တနသုတ်တော်ကိုဟောကြားတော်မူပြီးနောက် သဗ္ဗညုဘုရားဖြစ်ကြောင်း လောကဓာတ်တစ်ခုလုံးကို ရဲဝံ့စွာကြေညာခဲ့သည်။ သံသရာမှ ထွက်မြောက်ရာ ကျင့်စဉ်ဖြစ်သော သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားများ ဟောပြတော်မူခဲ့သည်။

လောကတွင် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးသည်ဆည်းကပ်ကိုးကွယ်ထိုက်ရာဖြစ်ပြီး လောကလူသားများ၏အကျိုးကိုဆောင်ကြဉ်းပေးသည်။ ဓမ္မစကြာတရား မဟောကြားမီက လောကတွင်ဘုရားရတနာ၊ တရားရတနာသာပေါ်သေးပြီး တရားပွဲအပြီးတွင် ပဥဝဂ္ဂီငါးဦးသည် အရိယာဖြစ်လာပြီး ပထမဆုံးဧဟိဘိက္ခုအရိယာသာဝကကြီး များဖြစ်လာသည်။ ထို့ကြောင့် သံဃာရတနာအစ ဓမ္မစကြာက ဟုဆိုနိုင်သည်။

မြတ်စွာဘုရားဟောကြားသော သစ္စာလေးပါးအမှန်တရားမှာ အချုပ်အားဖြင့် ဒုက္ခဆင်းရဲအပေါင်းပြွမ်းတီးနေသည့် ဘဝသံသရာမှ လွတ်မြောက်ရေးဖြစ်သည်။ ပါရာဇိကပါဠိတော်၌ မြတ်စွာဘုရားက “ကြက်ကျင်းတစ်ခု၌ နောက်ဆုံးဥသည့် ဥခွံမှ အလျင်ဖောက်ထွက်လာသကဲ့သို့ ငါသည်လည်း အဝိဇ္ဇာဥခွံမှ ရှေးဦးစွာလွတ်မြောက်၍ အလင်းသို့ရောက်ခဲ့သည်” ဟုမိန့်ကြားသကဲ့သို့ ကျွန်ုပ်တို့သည် ဤဝါဆိုလ၌ ဓမ္မစကြာဒေသနာကိုကြားနာပြီး ဉာဏ်အလင်းရောင်ရဖို့ လိုအပ်လှပါသည်။

ဝါဆိုလပြည့်နေ့သည် ထိုကဲ့သို့သော မွန်မြတ်သည့်ဂုဏ်အင်္ဂါများနှင့်ပြည့်စုံခြင်းတွင် သံဃာတည်းဟူသော ဂုဏ်သည် အထူးပြုထိုက်ပါသည်။ ရဟန်းတော်တို့ ဝါဆို-ဝါကပ်သောလဖြစ်၍ ဝါဆိုလဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ မိုးလေသည်းထန်သော ဝါဆိုကာလတွင် ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တို့ကိုအာရုံပြုပြီး ဝါဆိုတော်မူကြသော ရဟန်းတို့အား ဆည်းကပ်ပူဇော်ခြင်းဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်ရေး ရှာဖွေကြဖို့ဖြစ်ပါသည်။ ကြေးမုံ