ဝေးလံခေါင်ပါး ကျေးရွာနေ ကျောင်းသား ၃၄ ဦးအတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့

မိုင်းယောင်း ၉ ဇွန် 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု နမ့်ဆီလင်းကျေးရွာရှိ ကျောင်းသား ကျောင်းသူများအတွက် မိုင်းယောင်းမြို့နယ် ပရဟိတ လူမှုကူညီရေးအသင်းမှ စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ပရဟိတ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ထွန်းနှင့် အသင်းသူ အသင်းသားများသည် စာရေးကိရိယာ၊ ကျောင်းဝတ်စုံ၊ သင်ထောက်ကူပစ္စည်းများနှင့် အာဟာရဖြစ် မုန့်များတို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာသူကြီး၊ ဓမ္မဆရာနှင့် ကျေးရွာခန့်ဆရာမတို့က လက်ခံရယူခဲ့ကြသည်။

အဆိုပါ မူလတန်းကျောင်းခွဲသည် ယခင်က ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းသာဖြစ်ပြီး ယခုအခါ နိုင်ငံတော်မှ အခြေခံပညာ မူလတန်းကျောင်းခွဲအဆင့် တိုးမြင့်ပေးခဲ့သော အိမ်ခြေ ၁၅ အိမ်၊ လူဦးရေ ၅၀ ကျော်သာရှိသည့် မြို့နှင့်အလှမ်းဝေး၍ ကားလမ်းပေါက်ရောက်မှုမရှိဘဲ သွားလာရခက်ခဲသော ဝေးလံခေါင်ပါးသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)