ဝိုင်ပီဂျီအဖွဲ့ကို တိုက်ခိုက်ရင် တူရကီကို စီးပွားပျက်အောင်လုပ်မယ်လို့ ထရမ့်ခြိမ်းခြောက်

၁၅  ဇန်နဝါရီ

 

အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဆီးရီးယားကနေရုပ်သိမ်းဖို့ စီစဉ်ခဲ့ပြီးတဲ့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကယ်၍ တူရကီဟာ ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့တွေကို တိုက်ခိုက်လာမယ်ဆိုရင် တူရကီရဲ့ စီးပွားရေးကို ပျက်စီးခြင်းဆိုက်အောင် လုပ်ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။

 

ကာ့ဒ်အုပ်စုတွေ တူရကီကို ကျူးကျော်မလာစေချင်

 

တနင်္ဂနွေနေ့က ရေးသားခဲ့တဲ့ တွစ်တာပေါ်က ပို့စ်နှစ်ခုမှာ သမ္မတထရမ့်က ၎င်းအနေနဲ့ ကာ့ဒ်တိုက်ခိုက် ရေးအုပ်စုတွေ တူရကီကိုကျူးကျော်လာမယ့်အဖြစ်မျိုး မရောက်စေချင်ဘူးလို့ ပြောထားပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားမြောက်ပိုင်းမှာ အိုင်အက်စ် အစွန်းရောက် စစ်သွေးကြွအုပ်စုကို ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့နဲ့အတူ တိုက်ခိုက်နှိမ်နှင်းနေပါတယ်။

 

အကြမ်းဖက်စာရင်းထဲထည့်သွင်း

 

သို့သော်လည်း တူရကီကတော့ ပြည်သူ့ကာကွယ်ရေးယူနစ်(ဝိုင်ပီဂျီ) အဖွဲ့ဆိုတာကို အကြမ်းဖက်အုပ်စု စာရင်းထဲ ထည့်ထားတာ ဖြစ်ပါတယ်။ တူရကီသမ္မတ ရီဆတ်တေရစ် အာဒိုဂန်က ဝိုင်ပီဂျီအဖွဲ့ကို အမေရိကန်က ကူညီထောက်ပံ့ပေးနေတာတွေနဲ့ ပတ်သက်ပြီး အလိုမကျမှုတွေကို စိတ်ဆိုးမာန်ဆိုးဖော်ပြခဲ့ပြီး ဒီအဖွဲ့ကို ချေမှုန်းပစ်ဖို့ပဲ အလေးပေးလျက်ရှိ ပါတယ်။

 

အကျိုးဆောင်ပေးသလို ဖြစ်လာနိုင်

 

အမေရိကန် တပ်ဖွဲ့ဝင်တွေကို ဆီးရီးယားကနေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် နောက်ထပ်ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ ထရမ့်ကတွစ်တာပေါ်မှာ မှတ်ချက်ချခဲ့တာဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ တော်ဝင်မိသားစုရဲ့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ တာကီအယ်လ် ဖေဆယ်လ်က အမေရိကန်တပ်ဖွဲ့ဝင် တွေကို ဆီးရီးယားကနေ ရုပ်သိမ်းတာ ဟာ အီရန်၊ ရုရှားနဲ့ ဆီးရီးယား သမ္မတဘတ်ရှာအယ်လ်အာဆတ်တို့ကို ပိုကောင်းအောင် အကျိုးဆောင်ပေးသလို ဖြစ်လာနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာ လတ်တလောမှာ ဆော်ဒီအာရေဗျရဲ့ မြို့တော်ရီယာ့ဒ်ကို ရောက်ရှိနေပြီး ၎င်းဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို သံသယတွေ ဖြေဖျောက်ဖို့အတွက် အရှေ့အလယ်ပိုင်း ခရီးစဉ်သွားရောက်နေတာ ဖြစ်ပါတယ်။

 

ဘေးကင်းဇုန်ထူထောင်

 

သမ္မတထရမ့်က တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ ၎င်းရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုခုခံကာကွယ်ပြောဆိုခဲ့သလဲ ဆိုတော့ လက်ရှိအနီးအနားက အခြေစိုက် စခန်းကနေ လက်ကျန် အိုင်အက်စ်တိုက် ခိုက်ရေးသမားတွေကို တစ်ယောက်မကျန် တိုက်ခိုက်ချေမှုန်းခံရမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်က အကယ်၍ တူရကီဟာ ဝိုင်ပီဂျီကို တိုက်ခိုက်လာမယ်ဆိုရင် တူရကီရဲ့စီးပွားရေးကို ဘယ်နည်းဘယ်ပုံ ထိခိုက်ပျက်စီးအောင်လုပ်မယ်လို့တော့ ပြောမပြခဲ့ပါဘူး။ ပြီးတော့လည်း ထရမ့်က မိုင်၂၀ လောက်ရှိတဲ့ဘေးကင်း ဇုန်တစ်ခု ထူထောင်ထားတာကိုလည်း ဖော်ပြခဲ့ပါတယ်။

 

တပ်ဖွဲ့ဝင်တွေ အိမ်ပြန်ချိန်တန်

 

ဆီးရီးယားကနေ တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းမယ့် လုပ်ဆောင်ချက်ကြောင့် ရုရှား၊ အီရန်နဲ့ ဆီးရီးယားတို့အတွက် အကျိုးရှိမှာ ဖြစ်သလို ဒီအချိန်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေ နေအိမ်ကို ပြန်ရတော့မယ့် အချိန်ပဲလို့ ပြောခဲ့ပါ တယ်။ သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့လအတွင်းက ဝိုင်ပီဂျီဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ မဟာမိတ်တွေက ထိန်းချုပ်ထားတဲ့ ဆီးရီးယားကနေ အမေရိကန် တပ်ဖွဲ့ဝင်တွေ ချက်ချင်းစတင်ဆုတ်ခွာဖို့ အမိန့်ပေးလိုက်တဲ့အတွက် မဟာမိတ်နိုင်ငံတွေကို တုန်လှုပ်စေခဲ့သလို ပြည်တွင်းမှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

 

ဖုန်းဖြင့် ဆက်သွယ်

 

ပြီးခဲ့တဲ့ရက်သတ္တပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာ တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလပ်ကာ ဆိုဂလူနဲ့ ဖုန်းကနေတစ်ဆင့် ဆက်သွယ်စကားပြောဆိုခဲ့ပြီး ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့တွေကို ကာကွယ်ဖို့အတွက် တူရကီနဲ့ သဘောတူညီမှု တစ်ခုရရှိဖို့နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလားအလာတစ်ခုကို ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း အသေးစိတ်တော့ ပြောမပြခဲ့ပါဘူး။

 

နိုင်ငံကို အကြမ်းဖက်ရန်ကနေ ကာကွယ်ခွင့်ရှိ

 

အဘူဒါဘီမှာ မိန့်ခွန်းပြောကြားခဲ့ စဉ်အတွင်းမှာ မစ္စတာပွန်ပီအိုက အမေရိကန်ဟာ တူရကီပြည်သူတွေရဲ့ အခွင့်အရေးနဲ့ တူရကီသမ္မတအာဒိုဂန်အနေနဲ့ ၎င်းရဲ့ နိုင်ငံကို အကြမ်းဖက်အဖွဲ့အစည်း တွေရဲ့ရန်ကနေ ကာကွယ်ခွင့်ကို အသိအမှတ်ပြု လက်ခံတယ်လို့ပြောကြားခဲ့ပါတယ်။ ယခုအချိန် တစ်လျှောက်လုံးမှာ အမေရိကန်လိုပဲ တိုက်ခိုက်နေတာတွေဟာ ကိုယ့်နိုင်ငံကိုကာကွယ်ဖို့ ထိုက်တန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ နားလည်သဘောပေါက်တယ်လို့ ၎င်းက ထပ်ပြောထားတာကို တွေ့ရပါတယ်။

 

နောက်ဆုံးရလဒ်တွေ ရှာဖွေနိုင်ဖို့ မျှော်လင့်

 

မိုက်ပွန်ပီအိုဟာ ရီယာ့ဒ်မှာ အီရန်ကိစ္စ၊ ယီမင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ နဲ့ ဆီးရီးယားကိစ္စတွေကို ဆွေးနွေးဖို့သာမက ဆော်ဒီသတင်းထောက်ဂျမားလ် ခါရှော့ဂီအသတ်ခံရမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေရဲ့ နောက်ဆုံးရလဒ်တွေကို ရှာဖွေဖို့ မျှော်လင့်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျရဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ဝေဖန်တဲ့ ရေးသားမှုတွေ လုပ်ဆောင်ခဲ့တဲ့ မစ္စတာခါရှော့ဂီဟာ လွန်ခဲ့တဲ့သုံးလအကြာက အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

 

ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဘယ်လောက်ရှိသလဲ

 

ဆီးရီးယားမြောက်ပိုင်းမှာ ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၂၀ဝ၀ ခန့်ရှိပါတယ်။ မြေပြင်တပ်ဖွဲ့ဝင်တွေ ဟာ ၂၀၁၅ ခုနှစ်မှာ ပထမဆုံးရောက်ရှိခဲ့ ပြီး အဲဒီအချိန်က ယခင်အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အထူးတပ်ဖွဲ့ဝင် အရေအတွက်အနည်းငယ်ကို လေ့ကျင့်ရေးဆောင်ရွက်ဖို့နဲ့ ဝိုင်ပီဂျီတိုက်ခိုက်ရေး အဖွဲ့တွေက  အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွတွေကို နှိမ်နင်းတိုက်ခိုက်ဖို့အတွက် ၊ ဆီးရီးယားမှာရှိတဲ့ အာရပ် သူပုန်အုပ်စုတွေကို စစ်လက်နက်တွေ ကူညီထောက်ပံ့ဖို့နဲ့ လေ့ကျင့်သင်ကြားရေးအတွက် အမေရိကန်က ဒီလိုစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

 

စစ်ရေးအရ ကြားဝင်စွက်ဖက်မှုတွေ လုပ်ဆောင်ခဲ့ပြီး နှစ်အနည်း ငယ်အကြာမှာ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ အရေအတွက်ဟာ တိုးပွားလာခဲ့ပြီး ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဘက်တစ်လွှားမှာ စစ်အခြေ စိုက်စခန်းနဲ့ လေတပ်အခြေစိုက် စခန်းတွေပါဝင်တဲ့ ကွန်ရက်တစ်ခုကို ထူထောင်လိုက်ပါတယ်။

 

လတ်တလောမှာတော့ ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်တိုက်ခိုက်ရေးအုပ်စုတွေရဲ့ လုံခြုံရေးကိစ္စကို အမေရိကန်က အလေးပေးနေတာဖြစ်ပြီး ဒီကိစ္စအပေါ်မှာ တူရကီက လက်မခံတဲ့အတွက် ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့ဝင်တွေကို တိုက်ခိုက်လာမယ်ဆိုရင် တူရကီရဲ့ စီးပွားရေးကို ထိခိုက်အောင်လုပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

 

ကလျာမိုးမြင့်

 

ကိုးကား - အေအက်ဖ်ပီ၊ ဆင်ဟွာ