ဝိုင်းဝန်းကူညီမှုဖြင့် အောင်မြင်မှုရယူ

နေပြည်တော် ၂၁ အောက်တိုဘာ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၁၉ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တောင်တန်းဒေသ ကျောင်းသား ကျောင်းသူများ ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းထားသည့် မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး စခန်းနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုပြီး အားပေးစကားများပြောကြားကာ လိုအပ်သည် များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးစခန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် အမြန်အောင်မြင်ဖို့ဆိုတာ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်ဖို့လိုပါတယ်။ ပြည်သူ လူထုက တက်တက်ကြွကြွနဲ့ ပါဝင်ပတ်သက်မှုမရှိရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်ပါဘူး။ ဘယ်အစိုးရကမှ ပြည်သူလူထုရဲ့ ထောက်ပံ့မှုမရှိဘဲနဲ့ အောင်မြင်မှု မရနိုင်ပါဘူး။ ဘယ်လောက်ပဲ အတော်ဆုံးလူတွေနဲ့ ဖွဲ့စည်း ထားတဲ့ အစိုးရဖြစ်စေ ပြည်သူလူထုရဲ့ ထောက်ပံ့မှု၊ ကူညီဝိုင်းဝန်းမှုနဲ့သာ အောင်မြင်မှုရနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် စစ်ရေးကြောင့်ဖြစ်စေ၊ ပဋိပက္ခတစ်မျိုးမျိုးကြောင့် ဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတစ်ခုခုကြောင့်ဖြစ်စေ ပြည်သူများ၏ လူမှုဘဝများ ထိခိုက်ပျက်စီးခဲ့ကြရသည်။ ယင်းကို ပြန်လည်ထူထောင် တည့်မတ်နိုင်အောင် အဓိကအားဖြင့် နိုင်ငံတော်အစိုးရက ကြိုးပမ်းအားထုတ် ဖော်ဆောင် ပေးလေ့ရှိသည်။ ယင်းတွင် ပြည်သူလူထု တက်တက်ကြွကြွ ပါဝင်ပတ်သက်မှုမရှိဘဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ ရေရှည်တည်တံ့ခိုင်မြဲသည့် အောင်မြင်မှုမရရှိနိုင်ကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြန်လည်ထူထောင်ရေးလုပ်ငန်းအမျိုးမျိုးကို ဆောင်ရွက်ကြရာ၌ မျက်မှောက်ကာလတွင် မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ အရေးကြီးသည့် လုပ်ငန်းတစ်ခုအဖြစ် ပါဝင်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာမှာ တစ်စတစ်စကြီးထွားလာခဲ့ပြီး ပြည်သူလူထုကြားမှာ လူငယ်လူရွယ်များသာမကလူလတ်ပိုင်းများတွင်ပါ သုံးစွဲမှုများရှိလာပြီး ကြီးမားသည့်ပြဿနာ တစ်ခုဖြစ်လာ သည်။ ယင်းကို ကာကွယ်ရေး၊ တိုက်ဖျက်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးဖြင့် လုပ်ငန်းစဉ်များခွဲခြားကာ အလေးထားဆောင်ရွက်နေသည်ကိုတွေ့ရသည်။

 

မူးယစ်ဆေးဝါးပြဿနာမှာ တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာကြီးတစ်ခုဖြစ်လာပြီး ချမ်းသာ ကြွယ်ဝသော နိုင်ငံကြီးများပင် အမြစ်ပြတ်အောင် မဆောင်ရွက်နိုင်သော အခြေအနေများနှင့်ရင်ဆိုင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်မလွယ်ကူသော ပြဿနာ တစ်ခုအဖြစ် ထင်မြင်နိုင်ကောင်းသော်လည်း ပြည်သူပြည်သားများ၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ကာကွယ် တိုက်ဖျက်မှု များနှင့် မူးယစ်ဆေးသုံးစွဲသူများ၊ မူးယစ်ဆေးဖြတ်လိုသူများအား ပြည်သူ ပြည်သားများ၏ မျှဝေချင်သော ကုသိုလ်ပြုလိုစိတ်၊ ပရဟိတ ဆောင်ရွက်လိုစိတ်ဖြင့် ပါဝင်ကူညီထောက်ပံ့ပေးမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အားသာချက်များ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

ယခုအခါ ပြည်သူများ၏ အသိုင်းအဝိုင်းကို အခြေခံသည့်၊ အခြေပြုသည့်၊ အားကိုးသည့် မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ပြန်လည်ထူထောင်ရေးစခန်းသည် ပြည်သူအားလုံးပါဝင်နိုင်ပြီး ပါဝင်ဖို့လည်း လိုအပ်ပေသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ကိုယ့်မြို့ကိုယ့်ရွာတွင် ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်းများ အတူတကွ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြရေးဖြစ်သည်။

 

သို့ဖြစ်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သာမက မည်သည့်လုပ်ငန်းမျိုးကိုမဆို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုထောက်ပံ့မှု၊ ပါဝင်ကူညီထောက်ခံမှုဖြင့် ရေရှည်အောင်မြင်မှုကိုရယူကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ