ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဆိုးလ်ရှားကို နည်းပြအဖြစ်မှ မန်ယူအသင်း ထုတ်ပယ်

မန်ယူအသင်းသည် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၁၂)တွင် ပြိုင်ဘက် ဝက်ဖို့ဒ်အသင်းကို လေးဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြ အိုလေဂန်းနား ဆိုးလ်ရှားကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မန်ယူ အသင်းတာဝန်ရှိသူများသည် နည်းပြ ဆိုးလ်ရှား၏ အနာဂတ်နှင့်ပတ်သက်ပြီး နာရီများစွာကြာ အချိန်ယူ ဆွေးနွေးပြီးနောက်တွင် ယခုလို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

အိုးထရက်ဖို့ဒ်မှ ဆိုးလ်ရှား ထွက်ခွာသွားပြီးနောက် အသင်း၏ ယာယီနည်းပြတာဝန်ကို မိုက်ကယ် ကာရစ်က တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ပရီမီယာ လိဂ် ခုနစ်ပွဲတွင် တစ်ပွဲသာ နိုင်ပွဲရရှိထားပြီး တစ်ပွဲသရေကျကာ လက်စတာအသင်းကို လေးဂိုး-နှစ်ဂိုး၊ လီဗာပူးအသင်းကို ငါးဂိုး-ဂိုးမရှိ၊ မန်စီးတီးအသင်းကို နှစ်ဂိုး-ဂိုးမရှိ အပါအဝင် ငါးပွဲအထိ ရှုံးနိမ့် ထားသည်။ ထို့အပြင် မန်ယူအသင်းသည် ပွဲစဉ် (၁၂) အပြီး အမှတ်ပေးဇယားတွင်လည်း ဦးဆောင်သူ ချယ်ဆီးအသင်းနှင့် ၁၂ မှတ် ကွာဟလျက်ရှိနေသည်။

ဆိုးလ်ရှား (၄၈ နှစ်)သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဒို့စ်မော်ရင်ဟို၏ နေရာကို အစားထိုးခန့်အပ် ခံခဲ့ရသည့် နည်းပြဖြစ်ပြီး မန်ယူအသင်းကို ၁၆၈ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၉၁ ပွဲနိုင်၊ ၃၇ ပွဲသရေ၊ ပွဲ ၄၀ အထိ ရှုံးနိမ့်ထားသည်။ ၎င်းသည် ၂၀၂၀-၂၁ ရာသီတွင် မန်ယူအသင်းကို ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ရောက်ရှိအောင် ကူညီပေးထားနိုင်သည်။

မန်ယူအသင်းသည် နိုဝင်ဘာ ၂၄ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗီလာရီးရဲ၊ နိုဝင်ဘာ ၂၈ ရက်တွင် ပရီမီယာလိဂ်ပြိုင်ပွဲ၌ အမှတ်ပေးဇယားဦးဆောင်သူ ချယ်ဆီး၊ ဒီဇင်ဘာ ၃ ရက်တွင် အာဆင်နယ်စသည့် အသင်းကြီးများနှင့် ဆက်တိုက်ကစားသွားရမည်ဖြစ်သည်။

အောင်ဇော်