ဝမ်ယို့မိုင်ကျေးရွာတွင် အခြေခံပညာ မူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်

မိုင်းယန်း ၂၀ သြဂုတ်

 

မိုင်းယန်းမြို့နယ် ဝမ်ယို့မိုင်ကျေးရွာတွင် အခြေခံပညာ မူလတန်းကျောင်းအား အခြေခံပညာမူလတန်း(လွန်)ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်ပွဲကို သြဂုတ် ၁၈ ရက်က ကျင်းပခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ကြည်စိန်၊ ဒုတိယပညာရေးမှူး ဦးကျော်စိန်လှိုင်နှင့် ကျေးရွာအုပ်ချူပ်ရေးမှူး ဦးအားစိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

“ပညာရေးကျောင်းတွေကို ယခုလိုအဆင့်တိုးမြှင့်ပေးခြင်းအားဖြင့် ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမများနဲ့ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မိုးရာသီတွေမှာ သွားလာရခက်ခဲတဲ့ ကျွန်တော်တို့လို တောင်ပေါ်ကျေးရွာတွေမှာ မူလတန်း အောင်မြင်ပြီးဆိုရင် အလယ်တန်းကိုဆက်လက် ပညာသင်ယူဖို့ မြို့ပေါ်က ကျောင်းကို သွားတက်ရပါတယ်။ အခုလို ကျောင်းအဆင့်တိုးမြှင့်ပေးလိုက်တဲ့အတွက် ၆ တန်း ၇ တန်း ထိကိုယ့်ရွာမှာပဲ အေးအေးလူလူ ဆက်လက်ပညာသင်ကြားနိုင်ပြီ” ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးအားစိက ပြောကြားခဲ့သည်။

 
အဆိုပါ ကျောင်းအဆင့်တိုးမြှင့်ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ကြည်စိန်မှ အမှာစကားပြောကြားပြီး ကျောင်းတွင် ပညာသင်ကြားလျက်ရှိနေသော ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)