ဝန်ဆောင်မှုကောင်းသည့် YBS ယာဉ်လိုင်းများ ယာဉ်စီးခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးမည်

ရန်ကုန် ၁၅   သြဂုတ်

ခရီးသည်များအား ဝန်ဆောင်မှု ကောင်းမွန်စွာပေးသည့် YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

YBS စနစ်တွင် ကောက်ခံနေသည့် ယာဉ်စီးခသည် ယခင် မထသ စနစ်ထက် နည်းနေသည့်အတွက် ယာဉ်ပိုင်ရှင်များအတွက် အဆင်ပြေမှုမရှိကြောင်း၊ ယင်းအတွက်ကြောင့် ယာဉ်လိုင်းပိုင်ရှင်များအနေဖြင့် ယာဉ်စီးခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးရန် YRTA သို့ တင်ပြတောင်းဆိုထားသော်လည်း ခွင့်မပြုခဲ့ကြောင်း သိရသည်။

 အဆိုပါ ယာဉ်စီးခနှုန်းထားနှင့် ပတ်သက်၍ YRTA သို့ ဆက်သွယ်မေးမြန်းရာတွင် ခရီးသည်များအား ဝန်ဆောင်မှုကောင်းမွန်စွာပေးနိုင်သည့် ယာဉ်လိုင်းကို ယာဉ်စီးခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးရန် စီစဉ်နေကြောင်း သိရ သည်။

“လက်ရှိကောက်ခံနေတဲ့ ယာဉ်စီးခက နည်းနေတယ်ဆိုတာ သိတယ်။ ဒါပေမယ့် အများပြည်သူ အဆင်ပြေနိုင်တဲ့ နှုန်းထားတစ်ခုကို သတ်မှတ်ပေးရမှာပဲ။ ပြီးတော့ ခရီးသည်တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရင် အဲဒီယာဉ်လိုင်းက ပြောစရာမလိုဘူး။ သူ့အလိုလို ယာဉ်စီးခက တိုးလာမှာ။ အဲဒီအတွက်လည်း ပြင်ဆင်နေတယ်။ ခရီးသည်တွေကို ဝန်ဆောင်မှု ကောင်းကောင်းမပေးနိုင်ရင် ယာဉ်လိုင်းထဲက ထုတ်ပယ်သွားမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး (အတွင်းရေးမှူး ဒေါက်တာမောင်အောင်) က ပြောသည်။

ရန်ကုန်မြို့တွင်း၌ ပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ ၄၀ဝ၀ ဝန်းကျင်တွင်အများပိုင် ယာဉ်လိုင်းအဖြစ် မပြောင်းလဲရသေးသည့် ယာဉ်အစီးရေမှာ ၁၀ဝ၀ ကျော်ကျန်ရှိနေကြောင်း သိရသည်။

YRTA အနေဖြင့် ယာဉ်စီးခနှုန်းထားများ အဆင်ပြေစေရန်အတွက် YPS ကတ်စနစ်ကို အောက်တိုဘာလတွင် စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်နေပြီး ယာဉ်စီးခကိုလည်း မိုင်နှုန်းအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သူရိန်ကျော်