ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာ ယုယုမေ မိသားစုက လှူဒါန်းသော          ဆရာဝန်နိုင်ငံရေးသမားစာအုပ် ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ

မလှိုင် ၁၅  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာ ယုယုမေ မိသားစုက စာကြည့် တိုက်များသို့ လှူဒါန်းသည့်  ဆရာဝန် နိုင်ငံရေးသမားစာအုပ် ထပ်ဆင့်လှူဒါန်းပွဲကို ဇန်နဝါရီ ၁၅ ရက်က မလှိုင်မြို့ နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်

‘‘ဒီနေ့ ကျင်းပပြုလုပ်တဲ့ပွဲကတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရေးသားတဲ့ ဆရာဝန်နိုင်ငံရေးသမားစာအုပ်ကို ထပ်ဆင့်လှူဒါန်းတဲ့ပွဲပါ။ ကျွန်မတို့ မြို့နယ်အတွင်း ရှင်သန်နေတဲ့ စာကြည့်တိုက် ၃၀ ကို ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်လှူဒါန်းတဲ့ စာအုပ်နဲ့အတူ ကျွန်မတို့ ဌာနအနေနဲ့လည်း တတ်နိုင်သလောက် စုဆောင်ပြီး ထည့်ဝင်လှူဒါန်း ပေးထားပါတယ်’’ ဟု မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် က ပြောပြခဲ့သည်။

လှူဒါန်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်/ဆက်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး မြို့နယ် ဉပဒေအရာရှိ ဒေါ်တိုးတိုးမော်၊ မြို့နယ်    ပြန်/ ဆက် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်သန်လည်ပတ်နေသည့် ကျေးရွာစာကြည့်တိုက် ၃ဝ တာဝန်ခံနှင့် စာကြည့်တိုက်မှူးများထံ စာအုပ်များထပ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်

အောင်ဌေး(မလှိုင်)