ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံတွင် Isolation Ward ဆောင်ရွက်ထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ  ၃  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Isolation Ward ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Isolation Ward များ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆေးရုံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက လူနာ(၁၂)ဦး သီးသန့်ထားရှိ ကုသနိုင်ရေးနှင့် ရောဂါပိုးပျောက်ကင်းပါက  (၄)ဦး သီးသန့်ထားရှိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးတို့အတွက်  ကျန်းမာရေးသုံးပစ္စည်းများ စုံလင်စွာထားရှိမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ရွှေဘိုမြို့ဒေသ ဖွံ့ဖြိုးလုပ်ငန်းများအဖြစ် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ ကြောင်း သိရသည်။ 

 

ထွန်းကိုကို(ယင်းမာပင်)