ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်၍ ပဲခူးမြို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ်

ပဲခူး၊ ၁၇ ဇန်နဝါရီ

 

ပဲခူးဒေသခံများအတွင်း အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ သင်္ကေတများ (Stop Covid Sign) အသုံးပြု၍ ဆောင်ရွက်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ပဲခူးမြို့၊ သနပ်ပင်လမ်းမတန်း လိပ်ပြာကန်ရှေ့၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါလူထုလှုပ်ရှားမှုအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများအားလုံး ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ We Love Bago အဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် Mask တပ်ခြင်း၊ Face Shield အသုံးပြုခြင်းများကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းများ ပြုလုပ်ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn