ဝန်ကြီးချုပ်ဦးဝင်းသိန်း (၆)ထပ်စုပေါင်းရုံး တည်ဆောက်နေမှုနှင့် ကျုံးကူးတံတားတည်မည့် နေရာအား ကြည့်ရှုစစ်ဆေး

ပဲခူး   ၁၂   ဇွန်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေ ၅ နာရီအချိန်က ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ပဲခူးမြို့တွင် (၆)ထပ်စုပေါင်းရုံး တည်ဆောက်နေမှုနှင့် ကျုံးကူးတံတား တည်ဆောက်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ မြေတိုင်း(၂)၊ ဓမ္မစေတီလမ်း၊ ကုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံအနီးတွင် ဆုရဲဖြိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် (၆)ထပ်စုပေါင်းရုံးအား သွားရောက်ကြည့်ရှုရာ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်တို့က တည်ဆောက်ပြီးစီးမှုအ‌ခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အဆောက်အဦ ပြီးစီးပါက ထားရှိမည့်ဌာနများအား စီစဉ်ထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါ (၆)ထပ်စုပေါင်းရုံးသည် RC အဆောက်အဦဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် ၆၁၅ ဒသမ ၆၀၂ သန်းဖြင့် ဆောက်လုပ်ခဲ့ရာ ယခုအခါ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

ယင်းအဆောက်အဦအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရမည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အစ အောက်တိုဘာလအတွင်း ဌာနများ ပြောင်းရွေ့တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ (၆)ထပ်စုပေါင်းရုံး တည်ဆောက်ပြီးစီးသွားပါက မြေညီထပ်တွင် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပထမထပ်တွင် ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ဒုတိယထပ်တွင် ပဲခူးတိုင်းဒေသကြီးဗဟိုစာရင်းအင်းအဖွဲ့၊ တတိယထပ်တွင် ပဲခူးတိုင်းဒေသကြီးအသေးစား စက်မှုလက်မှုဦးစီးဌာန၊ ပဉ္စမထပ်တွင် သက်ဆိုင်ရာဌာနများစုပေါင်း အစည်းအဝေးခန်းမတို့ ထားရှိရန် စီစဉ်ထားကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆံတော်တွင်းလမ်း၊ မဂ္ဂတစ်လမ်းနှင့် သမိန်ဗရမ်းလမ်း တို့ဆက်သွယ်မည့် အရှည်ပေ(၂၁၀)၊ အကျယ်(၂၄)ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်မည့် နေရာအား သွားရောက်ကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုးမှ ရုပ်ပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)