ဝန်ကြီးချုပ်ဦးဝင်းသိန်း ပဲခူးတိုင်းဒေသကြီး ပညာရေးကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ တက်ရောက်

ပဲခူး  ၂၅  ဇွန်

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန် ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီးပညာရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများ၏ ကျောင်းဆောင်များ ကြံ့ခိုင်မှုအခြေအနေများ စစ်ဆေးရန်၊ Facility Quarantine များပြုလုပ်ခဲ့သည့် ကျောင်းများ ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ လုပ်ဆောင်ထားရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါ ဖြစ်ပွားဆဲအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးစန်းအောင်က ပဲခူးတိုင်းဒေသကြီးအတွင်း ပညာရေးနှင့်ပတ်သက်သည့် တိုင်ကြားမှုများ၊ စာသင်ကျောင်းမြေ အငြင်းပွားနေမှု၊ ဆရာ/ဆရာမများ လိုအပ်ချက်နှင့် စာသင်ကျောင်းမြေ ထပ်မံလိုအပ်ချက်နှင့် ကျောင်းဆောင်တိုးချဲ့ရန် လိုအပ်ချက်များအပေါ် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ခဲ့ရာ၊ တက်ရောက်လာသည့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ အကြံပြုဆွေးနွေးတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)