ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၄ စက်တင်ဘာ

၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပသည်။  

ဖွင့်ပွဲ အခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး  ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက အုပ်ချုပ်သူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကောင်စီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများသည် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးကြသည်။ 

အဆိုပါပြိုင်ပွဲတွင်  ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၀) မှတ်၊ (၂၅-၁၅) မှတ်၊ (၂၅-၂၀)မှတ်ဖြင့် အနိုင်ရရှိသွားသည်။

၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို အမျိုးသား (၇)သင်း၊ အမျိုးသမီး (၄)သင်း၊ ပြိုင်ပွဲဝင်ကစားသမား စုစုပေါင်း (၁၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိပြီး စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်အထိ နေ့စဉ် နံနက်(၈)နာရီမှစ၍  ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
   
သတင်းစဉ်