ဝန်းသိုမြို့နယ်‌ ကျေးရွာ၂၁ ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းပြီးစီး

ဝန်းသို ၁၅ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ(၂၁)ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြိုနယ် ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျောက်ပေါက်ခုံ၊ ဘုရားတောင်၊ မြောက်ကုန်း၊ ဒုံးဒုတ်၊ ဒီးဒုတ်ကုန်း၊ ဝက်တူး၊ ကောင်းကွေ့၊ မယ်ဇလီ၊ ဝင်းကြီး၊ ဩဂ၊ အင်ခုံ၊ သရက်ကုန်း၊ စင်္ကြာမောင်၊ လယ်ကျင်း၊ ရေတွင်းကုန်း၊ အနောက်စက်၊ ပေါက်ကုန်း၊ မန်ကျည်းပင်၊ ကျောက်ကြီး၊ အင်ပင်၊ သက္ကယ်ကျင်းကျေးရွာများတွင် ဂျင်းမြေ၊ သဲကျောက်၊ ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း(၁၃)ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်း(၆)ခု၊ ရေရရှိရေးလုပ်ငန်း(၁)ခု၊ ကျောက်ရိုးစီသံဘောင်တင်၊ သစ်သားတံတား(၁)စင်း၊ စာသင် ကျောင်းဆောင်(၁)ခု၊ ရွာတွင်းလျှပ်စစ်မီး 400V လိုင်းသွယ်တန်းခြင်း (မီးလင်းရေး) လုပ်ငန်းတစ်ခု၊ စုစု ပေါင်းလုပ်ငန်း(၂၁)ကို စီမံကိန်းထောက်ပံ့ငွေသိန်း ၁၀ဝ စီအပြင် ပြည်သူထည့်ဝင်ငွေများ ဖြင့်ဆောင် ရွက်လျှက်ရှိရာ ဝန်းသိုမြို့နယ်တွင် လုပ်ငန်းများလုံးအတွက် ခန့်မှန်းကုန်ကျငွေ‌ နိုင်ငံတော် ထောက်ပံ့ငွေ သိန်း ၂၁၀ဝ နှင့် ပြည်သူထည့်ဝင်ငွေ ငွေကျပ် သိန်း ၂၉၀ နှင့် ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 ဝန်းသိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုဘတ်ဂျက်တွင် ကျေးရွာပေါင်း ၂၁ ရွာတွင် လုပ်ငန်းပေါင်း ၂၁ ခုကို ခန့်မှန်းကုန်ကျ‌ငွေ ငွေကျပ် ၂၃၉ ဒသမ ဝ၉ သန်းဖြင့် ဆောင်ရွက်ခဲ့သဖြင့် စုစုပေါင်းကျေးရွာဖွံ့ဖြိုး ရေး စီမံကိန်း(VDP)ဖြင့် ကျေးရွာပေါင်း ၉၅ ရွာတွင် လုပ်ငန်းပေါင်း  ၁၆၉ ခုကို ငွေကျပ် ၁၁၆၉ ဒသမ ၅၉၄ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မွှေးကြူဇင်(မုံရွာကိုယ်ပွား)