ဝန်းသိုမြို့နယ် နန်းခမ်းတပ်လွင်ဘိနယ် ကပြင်းလွင်ကြိုးပြင်ကာကွယ်တောအတွင်းမှ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများကို ဆင်ဖြင့် တရားမဝင်သယ်ဆောင်သူများအား ဖမ်းမိ

ဝန်းသို ၂ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် နန်းခမ်းတပ်လွင်ဘိနယ် ကပြင်းလွင်ကြိုးပြင်ကာကွယ်တော အတွင်းမှ ကျွန်းသစ်လုံးနှင့်ကျွန်းခွဲသားများတရားမဝင် သယ်ဆောင်သူများကို ဖမ်းမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကသာခရိုင် သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးစီးသောအဖွဲ့သည် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ဝန်းသိုမြို့နယ် နန်းခမ်းတပ်လွင်ဘိနယ်၊ ကပြင်လွင်ကြိုးပြင်ကာကွယ် တောအတွင်းသတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ကျွန်းသစ်(၃၅)လုံး ၁၃ ဒသမ ၇၆၆ တန်၊ ကျွန်းခွဲသား(၁၆၉)ချောင်း၊ ၂ ဒသမ ၁၀၂၆ တန်၊ သစ်ခွဲရာတွင်အသုံးပြုသောဆက်စပ်ပစ္စည်းများ၊ အဆိုပါသစ်လုံးများကို တောအတွင်း ခုတ်လှဲပြီး "ဆင်"ဖြင့် သစ်ခွဲစက်သို့ဆွဲလာသည့် ဆင်လမ်းကြောင်းများအပြင် တရားမဝင်သစ်ခွဲစက်ပြုလုပ်နေသူ အင်းတော်မြို့နယ် သက္ကယ်ကျင်းကျေးရွာနေ ဝင်းချို၊ ဆန်းလင်းထွန်း၊ အောင်မျိုးသူ၊လင်းအောင်၊ထက်ပိုင်တို့(၅)ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အပြင်  ထွက်ပြေးတိမ်းရှောင်နေသူ သစ်ပိုင်ရှင် ဝန်းသိုမြိုနယ်၊ ဆင်းကုန်းကျေးရွာနေ ဇော်မိုးဦး ဆင်ခေါင်း စောမင်းဦးနှင့် ဆင်ဦးစီး သက်နိုင်ဦးတို့သုံးဦးအား အမြန်ဖမ်းမိရေးအတွက် ဒေသခံများဖြင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)

 

ev132